ခတ္တမန္ဒူ၊ ဇူလိုင် ၇
နီပေါနိုင်ငံ၌ လွန်ခဲ့သော နှစ်ရက်အတွင်းက မြေပြိုကျမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် ၁၅ ဦးထက်မနည်း ထပ်မံသေဆုံးမှု ဖြစ်ပွားကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောသည်။
သောကြာနေ့ ညနေပိုင်းမှစတင်ကာ မုတ်သုံမိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် နီပေါနိုင်ငံတစ်ဝန်း ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်စေကြောင်း၊ မြေပြိုကျမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် ၁၅ ဦး သေဆုံးပြီး နှစ်ဦး ပျောက်ဆုံးကာ အခြား ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း နီပေါရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်ဗဟာဒါ ကာကီက ပြောသည်။
ထို့ပြင် လွန်ခဲ့သောနှစ်ရက်အတွင်း မြေပြိုကျမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် မိသားစု ၁၂၅ စု အိုးအိမ်စွန့်ခွာခဲ့ရပြီး မွေးမြူရေး တိရစ္ဆာန်ရာချီသေဆုံးကာ နိုင်ငံတစ်ဝန်းရှိ အဝေးပြေးလမ်းအချို့ ပိတ်ထားခဲ့ရကြောင်း ၎င်းက ဆင်ဟွာသို့ ပြောသည်။
နီပေါနိုင်ငံ၏ မြို့တော်ခတ္တမန္ဒူရှိဒေသအချို့တွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းပါက အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများ မြင့်တက်နိုင်ခြေရှိကြောင်း ကာကီက ပြောသည်။
မုတ်သုံရာသီစတင်သည့် ဇွန် ၁၀ ရက် နောက်ပိုင်း ယခင်က နီပေါနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုနှင့် ဆက်စပ်သော ဘေးအန္တရာယ်ကြောင့် ၄၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဆင်ဟွာ