နိုဝင်ဘာ ၉

နီပေါနိုင်ငံအနောက်ဘက်စွန်းရှိဒိုတီခရိုင်တွင် ယနေ့မနက်အစောပိုင်းက ပြင်းအား ၆ ဒသမ ၃ ပမာဏရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် လူခြောက်ဦးသေဆုံးပြီး အခြားငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါငလျင်သည် ဒေသစံတော်ချိန် မနက် ၂ နာရီ ၁၂ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံအများအပြားပြိုကျမှုဖြစ်ပွားခဲ့ပြီး ထိုပြိုကျအပျက်အစီးများအောက်မှ သေဆုံးသူများ၏အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒိုတီခရိုင်အကြီးအကဲဖြစ်သူ ကယ်ပါနာရှရတ်တာက သတင်းထောက်များကို ပြောကြားသည်။

ယင်းငလျင်လှုပ်ခတ်မှုတွင် ဒဏ်ရာရရှိသူများသည် ဒေသန္တရဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ငလျင်ဗဟိုချက်သည် ခါ့ပ်တတ်ဒ်အမျိုးသားဉယျာဉ်ဧရိယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် လုံခြုံရေးအဖွဲ့သည် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် စုရုံးပြင်ဆင်နေကြောင်း ၎င်းကပြောသည်။

နီပေါနိုင်ငံတွင် ငလျင်များ မကြာခဏ လှုပ်ခတ်လေ့ရှိသည်ဟု သိရသည်။ ၂၀၁၅ ခုနှစ်က အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၉၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို