ခတ္တမန္ဒူ စက်တင်ဘာ ၃၀
နီပေါနိုင်ငံ၌ မုတ်သုံမိုးကြောင့် ဖြစ်ပွားခဲ့သည့် မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများအတွင်း လက်ရှိအချိန်အထိ သေဆုံးသူ ၁၉၂ ဦးရှိကြောင်း သိရသည်။ လက်ရှိဖြစ်ပွားနေသည့် သဘာဝဘေးများအတွင်း ၁၉၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရီရှီရန် တီဝါရီက ပြောကြားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်တွင် မြို့တော်ခတ္တမန္ဒူနှင့် နိုင်ငံအတွင်းရှိ အခြားဒေသများသို့ ဆက်သွယ်ထားသည့် လမ်းများမှာ မြေပြိုမှုများကြောင့် ပျက်စီးခဲ့သည်။ ယမန်နေ့က နိုင်ငံအလယ်ပိုင်း ဒါဒင်ခရိုင် ခိုလာဒေသတွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုအတွင်း နစ်မြုပ်နေသည့် ခရီးသည်တင်ဘတ်စ်ကားများမှ ရုပ်အလောင်းများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံသား ၄၅၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းကယ်ဆယ်ထားသူများအား ထောက်ပံ့ရေး ပစ္စည်းများနှင့် အစားအစာများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ အတွင်း အိမ်ခြေ ၁၃၂၇ လုံး ပျက်စီး ဆုံးရှုံးခဲ့ပြီး နိုင်ငံရှိ အဓိကလမ်းမ ကြီး ၁၉ ခု ထိခိုက် ပျက်စီးခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ