နိုဝင်ဘာ ၅

နီပေါနိုင်ငံတွင် ၂၀၂၄ ခုနှစ် ၁၀ လအတွင်း နိုင်ငံခြားခရီးသွားတစ်သန်းနီးပါး ဝင်ရောက်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် အောက်တိုဘာလအထိ နိုင်ငံခြားခရီးသွားဝင်ရောက်မှုပေါင်း ၉၆၀၀၂၂ ဦးရှိရာ လွန်ခဲ့သောနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅ ဒသမ ၆၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလတစ်လအတွင်းမှာပင် နိုင်ငံခြားခရီးသွား ၁၂၄၃၉၃  ဝင်ရောက်ခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာအတွင်း ခရီးသွားဝင်ရောက်မှုထက် ၆ ဒသမ ၀၄ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်။

စက်တင်ဘာလနောက်ဆုံးသီတင်းပတ်က မိုးရွာသွန်းမှုကြောင့်ဖြစ်ပေါ်ခဲ့သောသဘာဝဘေးအန္တရာယ်များကြောင့် အောက်တိုဘာလတွင် များစွာသောခရီးသွားများသည် ၎င်းတို့၏ခရီးစဉ်များကိုပယ်ဖျက်ခဲ့ကြသည်ဟု ခရီးသွားလုပ်ငန်း ညွှန်ကြားရေးမှူး မာနီရတ်ဂျ်က ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် စက်တင်ဘာလနှောင်းပိုင်းက အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် လူပေါင်းရာချီသေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို