ဇန်နဝါရီ ၂

နီပေါနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၁၁၄၇၅၆၇ ဦး ဝင်ရောက်ခဲ့ရာ ၂၀၁၈ ခုနှစ်နောက်ပိုင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွင်တတိယမြောက်အများဆုံးဖြစ်သည်ဟု ယမန်နေ့ကတရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများ အရ သိရသည်။

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ် ခရီးသွားဝင်ရောက်မှုထက် ၁၃ ရာခိုင်နှုန်းမြင့်မားကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့က ဖော်ပြထားသည်။

နီပေါနိုင်ငံသို့ဝင်ရောက်သောနိုင်ငံခြားခရီးသွားများအနက် အိန္ဒိယ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှခရီးသွားများ လာရောက်မှုများပြားကြောင်း ဖော်ပြထားသည်။

နှစ်အလိုက် နိုင်ငံခြားခရီးသွားဝင်ရောက်မှုများပြားသော်လည်း ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီကာလက နိုင်ငံခြားခရီးသွား ဝင်ရောက်မှုအရေအတွက်အထိရောက်ရှိခြင်းမရှိကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့ညွှန်ကြားရေးမှူး မာနီရတ်ဂျ်က သတင်းထောက်များကို ပြောကြားသည်။

၂၀၁၈ ခုနှစ်က နိုင်ငံခြားခရီးသွား ၁၁၇၃၀၇၂ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၁၁၉၇၁၉၁ ဦး ရှိသည်ဟုသိရသည်။ ခရီးသွားလုပ်ငန်းသည် နီပေါနိုင်ငံအတွက် နိုင်ငံခြားငွေကြေးရှာဖွေပေးသော အဓိကလုပ်ငန်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို