မတ် ၄
နီပေါနိုင်ငံသို့ ဖေဖော်ဝါရီလတွင် နိုင်ငံခြားခရီးသွား ၁၀၅၄၄၁ ဦး လာရောက်လည်ပတ်ခဲ့ရာ နိုင်ငံခြားခရီးသွားများ ရောက်ရှိမှုသည် ယခင်နှစ်ကထက် ၈ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (NTB) က ယမန်နေ့က ပြောကြားခဲ့သည်။
လွန်ခဲ့သောနှစ် စက်တင်ဘာလက နိုင်ငံရေးမငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ရာ ခရီးသွားဝင်ရောက်မှု လျော့ကျခဲ့ပြီး နောက်ပိုင်းလများတွင် ခရီးသွားအရေအတွက် ပြန်လည် ကောင်းမွန်လာခဲ့သည်။
ဖေဖော်ဝါရီလတွင် လေကြောင်းခရီးဖြင့် နိုင်ငံတကာခရီးသွား ၉၂၅၇၃ ဦး ဝင်ရောက်ခဲ့ရာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
အိန္ဒိယနိုင်ငံမှခရီးသွား ၂၂၇၄၅ ဦးဝင်ရောက်မှုရှိရာ နိုင်ငံတကာခရီးသွားအများဆုံးအဖြစ် ဆက်လက်တည်ရှိနေပြီး တရုတ်နိုင်ငံမှခရီးသွား ၁၀၈၁၆ ဦးဝင်ရောက်မှုဖြင့် ဒုတိယနေရာတွင် ရှိကြောင်း ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့သည် ထိပ်တန်းခရီးသွားရင်းမြစ် ငါးခုတွင် ပါဝင်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


