နေပြည်တော် ၁၈ အောက်တိုဘာ
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပြင်ဦးလွင်မြို့သို့ သွားရောက်လေ့လာပြီး ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုခံရသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်း စေတီပုထိုး များအား ဖူးမြော်ကြည်ညိုသည်။
နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီဘန်ဒါရီနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ပြင်ဦးလွင်မြို့သို့ ရောက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် တာဝန်ရှိသူများက အနီးစခန်းလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နီပေါနိုင်ငံသမ္မတသည် အဖွဲ့ဝင်များ နှင့်အတူ ပြင်ဦးလွင်မြို့ရှိ ရှိရိဒူရ်ဂါဒေဝီဘုရားကျောင်းသို့ သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပြီး ဘုရားကျောင်းဝန်းအတွင်း လှည့်လည်ဖူးမြော်ကြည်ညို၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် နီပေါနိုင်ငံသမ္မတသည် ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ နီပေါ နွယ်ဖွား မြန်မာနိုင်ငံသား များနှင့် တွေ့ဆုံသည်။
ထိုမှတစ်ဆင့် နီပေါနိုင်ငံသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ပြင်ဦးလွင်မြို့ အမျိုးသား ကန်တော်ကြီးဥယျာဉ်ရှိ ဇီဝအသိုက်အဝန်း၊ ရှားပါးသစ်ပင်နှင့် တိရစ္ဆာန်မျိုး စိတ်များ ထိန်းသိမ်းထားမှုကို လှည့်လည်ကြည့်ရှုလေ့လာသည်။
ထို့နောက် နီပေါနိုင်ငံသမ္မတသည် ပြင်ဦးလွင်မြို့ရှိ Taj Restaurant ၌ မြန်မာ နိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ် စာစားပွဲသို့ တက်ရောက်သည်။
မွန်းလွဲပိုင်းတွင် နီပေါနိုင်ငံသမ္မတ နှင့်အဖွဲ့သည် အထူးလေယာဉ်ဖြင့် ပြင်ဦးလွင် မြို့မှ ညောင်ဦးမြို့သို့ ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် တာဝန်ရှိသူများက ညောင်ဦးလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် နီပေါနိုင်ငံသမ္မတသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရားသို့သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ပြီး အဆိုပါဘုရားရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို လေ့လာကြည့်ရှု ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် နီပေါနိုင်ငံသမ္မတ နှင့်အဖွဲ့သည် သဗ္ဗေညုဘုရား၊ အလိုတော်ပြည့် ဘုရားနှင့် ရွှေစည်းခုံဘုရား တို့ကို မော်တော်ယာဉ်များဖြင့် လှည်လည်ဖူးမြော်ကြည်ညို ကြသည်။
ထို့နောက် နီပေါနိုင်ငံသမ္မတ နှင့်အဖွဲ့သည် ညောင်ဦးမြို့မှ ရန်ကုန်မြို့သို့ ညနေ ပိုင်းတွင် ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ညပိုင်းတွင် နီပေါနိုင်ငံသမ္မတသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာ ဘင်းကေအူးဒက်စ်၏ နေအိမ်၌ တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
(သတင်းစဉ်)




