ရန်ကုန် ၂၅ နိုဝင်ဘာ
Nippon Maru သင်္ဘောဖြင့် လေ့လာရေးခရီးစဉ် ထွက်ခွာလာသော (၄၆) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် (Ship for Southeast Asian and Japanese Youth Program - SSEAYP) သည် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ မလေးရှားနိုင်ငံသို့ ဆက်လက် ထွက်ခွာသွားသည်။
အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်တွင် လိုက်ပါသွားသည့် ကျောင်းသားလူငယ်များအား ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူလေးများ၊ ယခင် SSEAYP ခရီးစဉ်တွင် လိုက်ပါခဲ့ကြသည့် SSEAYP International Myanmar (SI Myanmar) အဖွဲ့ဝင်များနှင့် မိဘဆွေမျိုးများက ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါခရီးစဉ်တွင် ဂျပန်နှင့် အာဆီယံ(၁၁)နိုင်ငံမှ ကျောင်းသားလူငယ် ၃၃၀ ပါဝင်ပြီး၊ မြန်မာနိုင်ငံမှ လူငယ် ၂၈ ဦးနှင့် ကြီးကြပ်သူတစ်ဦးပါဝင်သည်။
(၄၆)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်သည် နိုဝင်ဘာ ၃ရက်မှစတင်၍ ဂျပန် မှ ဗီယက်နမ် ဗီယက်နမ်မှ စင်ကာပူ၊ စင်ကာပူမှ ရန်ကုန်၊ ရန်ကုန်မှ ယနေ့တွင် မလေးရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ နိုဝင်ဘာ ၂၉ ရက်တွင် ဆိုက်ကပ်မည်ဖြစ်ပြီး ဒီဇင်ဘာ ၂ရက်တွင် မလေးရှားမှ ဆက်လက်ထွက်ခွာ၍ ဂျပန်နိုင်ငံသို့ ဒီဇင်ဘာ ၁၂ရက် တွင် ရောက်ရှိ ခရီးစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နှင့် အာဆီယံ(၁၁)နိုင်ငံမှ ကျောင်းသားလူငယ်များသည် ရန်ကုန်မြို့သို့ ရောက်ရှိစဉ် တက္ကသိုလ် (၉)ခုသို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ Institutional Visit and Interaction with local Youths စီစဉ်ဆောင်ရွက်ခြင်း၊ အထင်ကရနေရာများသို့ လည်ပတ်ခြင်း၊ Homestay နေထိုင်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်း- မင်းသစ်(MNA) ၊သန့်ဇင်ဝင်း/ဓာတ်ပုံ-နေလင်း


