နို့စို့ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်းနှင့် အဏုအာဟာရဓာတ်များ

နေပြည်တော် ၂၉ မတ်

ဗီတာမင်အေ၊ ဗီတာမင်ဘီဝမ်းနှင့် အဏုအာဟာရဓာတ်များ အကြောင်း နို့စို့ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ဖော်ပြပေးထားပါသည်။

ဗီတာမင်အေ အာဟာရ

ဗီတာမင်အေသည် ကလေးများ ပုံမှန်ကြီးထွား ဖွံ့ဖြိုးရေးနှင့် ကျန်းမာကြံ့ခိ်ုင်ရေး၊ မျက်စိကျန်းမာရေးနှင့် အမြင်အာရုံ ကောင်းမွန်ရေးအတွက်လည်း အရေးကြီးသော ဗီတာမင်တစ်မျိုး ဖြစ်သည်။

အစားအစာမှ ဗီတာမင်အေ အလုံအလောက် မရရှိပါက ဗီတာမင်အေ ချို့တဲ့နိုင်ခြင်း

(၁) ကိုယ်ဝန်ဆောင် အမျိုးသမီးများ မလိုအပ်ဘဲ အစားရှောင်လျှင် ဗီတာမင်အေ အလုံအလောက် မရရှိနိုင်တော့ပေ။ ထိုမိခင်များ၏ နို့ကိုစို့ရသော ကလေးများ ဗီတာမင်အေ ချို့တဲ့တတ်သည်။

(၂) နို့တိုက်မိခင်များ မလိုအပ်ဘဲ အစားရှောင်လျှင် ဗီတာမင်အေ အလုံအလောက် မရရှိနိုင်တော့ပေ။ ထိုမိခင်များ၏ နို့ကို စို့ရသောကလေးများ ဗီတာမင်အေ ချို့တဲ့တတ်သည်။

(၃) ကလေးငယ်များကို ဗီတာမင်အေ ကြွယ်ဝသည့် အစားအစား လုံလောက်စွာ မကျွေးလျှင် ကလေးများ၍ ဗီတာမင်အေ ချို့တဲ့တတ်သည်။



ဗီတာမင်အေချို့တဲ့လျှင်

ကလေးများ ပုံမှန်မကြီးထွား မဖွံ့ဖြိုးနိုင်ပါ။

ကူးစက်ရောဂါ အမျိုးမျိုးကြောင့် မကြာခဏ ဖျားနာတတ်သည်။

ဖျားနားလျှင် နာတာရှည်တတ်သည်။ ပြင်းထန်တတ်သည်။

ကြက်မျက်သင့်ရောဂါ ခံစားရတတ်သည်။

မျက်သားဖြူနှင့် မျက်ကြည်လွှာတို့ ခြောက်သွေ့ပြီး မတောက်ပြောင်တော့ပေ။

မျက်ကြည်လွှာတွင် အနာဖြစ်နိုင်သည်။

အနာပျောက်သော်လည်း အပြင်တိမ်စွဲနိုင်သည်။

မျက်ကြည်လွှာပေါက်၍ မျက်စိကွယ်ခြင်းတို့ ဖြစ်တတ်သည်။

အခြားရောဂါများ ဖြစ်ပွားပါက ရောဂါပြင်းထန်ပြီး အသက်အန္တရာယ် ကြုံတွေ့ရတတ်သည်။

ဗီတာမင်အေဓာတ် များများပါသည့် အစားအစာများစားပါ။ ကျွေးပါ။

(၁) ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဗီတာမင်အေ ကြွယ်ဝသည့် အစာများကို လုံလောက်စွာ စားသုံးပါ။

(၂) မီးဖွားပြီး ပထမတစ်ရက် နှစ်ရက်တွင် ထွက်သည့် နို့ဦးရည်သည် ဗီတာမင်အေ အလွန်ကြွယ်ဝသည်။ ကလေးကို နို့ရည်တိုက်ဖြစ်အောင် တိုက်ပါ။

(၃) ကလေးအသက် (၆)လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးပါ။

(၄) အသက်(၆)လမှစ၍ ထမင်းခွံ့ကျွေးသည့်အခါ ဗီတာမင်အေ ကြွယ်ဝသည့် အောက်ပါ အစားအစားများကို အသက်အရွယ်အလိုက် ထည့်ကျွေးပါ။

(အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့ အမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းရွက်များ၊ နီဝါရောင် သစ်သီးများ၊ အဝါရောင် ဟင်းသီးများ၊ အဝါရောင်နှင့် အနီရောင် သစ်ဥသစ်ဖုများ။)

အင်အားဖြည့် ဗီတာမင်အေ ဆေးလုံး သောက်ပါ။ တိုက်ကျွေးပါ။

(၁)  နို့တိုက်မိခင်တိုင်း မွေးဖွားပြီး တစ်လအတွင်း အင်အားပြည့် ဗီတာမင်အေ ယူနစ်နှစ်သိန်းနီးပါး ဆေးလုံးတစ်လုံး တစ်ကြိမ်သောက်ပါ။

(၂) အသက်(၆)လမှ (၁၁)လ အရွယ်ထိ ကလေးတိုင်းကို အင်အားပြည့် ဗီတာမင်အေ ယူနစ်တစ်သိန်းပါ ဆေးလုံးတစ်လုံး တစ်ကြိမ်တိုက်ကျွေးပါ။

(၃) အသက်(၁)နှစ်မှ (၅)နှစ်အတွင်း ကလေးတိုင်းကို အင်အားပြည့် ဗီတာမင်အေ ယူနစ်နှစ်သိန်းပါ ဆေးတစ်လုံး (၆)လတစ်ကြိမ် တိုက်ကျွေးပါ။

(၄) ဝက်သက်ပေါက်သော ကလေးများ၊ လတ်တလောပြင်းထန် အာဟာရချို့တဲ့ပြီး ပိန်လှီ (သို့မဟုတ်) ဖောယောင်နေသော ကလေးများကို ဗီတာမင်အေ ဆေးလုံးတိုက်ပါ။ 

( ပထမနေ့တွင် တစ်လုံး၊ ဒုတိယနေ့တွင် တစ်လုံး၊ ၁၅ ရက်မြောက်နေ့တွင် တစ်လုံး တိုက်ပါ။)



ဗီတာမင်ဘီဝမ်း

ဗီတာမင်ဘီဝမ်း ချို့တဲ့မှုကြောင့် သူငယ်နာ (ဘယ်ရီဘယ်ရီ) ရောဂါဖြစ်နေသော ကလေးသည် အချိန်မီကုသမှု မခံရပါက သေဆုံးသွားနိုင်သည်။ ထိုကလေးအတွက် ဗီတာမင်ဘီဝမ်း ထိုးဆေးသည် အသက်ကယ်ဆေး ဖြစ်ပါသည်။

ရောဂါဖြစ်ရခြင်းအကြောင်းအရင်း

နို့တိုက်မိခင် အစားရှောင်လွန်းခြင်း

ဆန်ကို အလွန်ဖြူသည်အထိ ကြိတ်ခွဲစားသုံးခြင်း

ဆန်ကို အထပ်ထပ်ဆေးကြောခြင်း၊ ထမင်းရည်ငှဲ့ခြင်း

ဗီတာမင်ဘီဝမ်း ချို့တဲ့မှုကြောင့်ဖြစ်သည့် သူငယ်နာ (ဘယ်ရီဘယ်ရီ) ရောဂါ၏ လက္ခဏာများ

မိခင်နို့စို့နေသည့် အသက်(၁)လမှ (၆)လအရွယ် ကလေးများတွင် အများဆုံး ဖြစ်တတ်ပါသည်။

ကျန်းမာနေသော ကလေးသည် ရုတ်တရက်

Ø တအင်အင် အဆက်မပြတ် ငိုညည်းနေခြင်း

Ø ငိုညည်းနေရာမှ အသံတိမ်၍ ဝင်သွားခြင်း

Ø အသက်ရှူခက်ခဲလာခြင်း

Ø ပြာနှမ်းလာခြင်း

Ø အော့အန်ခြင်း

Ø မျက်ဖြူလန်ခြင်းတို့ ဖြစ်တတ်ပါသည်။

နို့စို့ကလေးငယ်များတွင် ဗီတာမင်ဘီဝမ်း ချို့တဲ့မှုကြောင့် သူငယ်နာ (ဘယ်ရီဘယ်ရီ) ရောဂါ မဖြစ်စေရန်

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖြစ်သည့် အစားအစာများ စုံလင် လုံလောက်အောင် စားပါ။ အစားမရှောင်ပါနှင့်။ 

အလွန်ဖြူအောင် ကြိတ်ခွဲထားသည့် ဆန်ကို မစားသင့်ပါ။



ထမင်းချက်ရန် ဆန်ဆေးသည့်အခါ ဆန်ကိုရေနှင့် အထပ်ထပ် ပွတ်သပ်ဆေးကြောခြင်းမှ ရှောင်ကြဉ်ပါ။



ထမင်းရေမငှဲ့ဘဲ ရေခန်းချက်စားသည့်အကျင့် ပြုလုပ်ပါ။ အကယ်၍ ထမင်းရေခန်း မချက်စားပါက မိသားစုဝင်အားလုံး ထမင်းရည်သောက်ပါ။

ဗီတာမင်ဘီဝမ်း ကြွယ်ဝသည့် အစားအစားများ

ပဲအမျိုးမျိုး

အဆီလွတ် ဝက်သား

မောင်းထောင်းဆန် (ဆန်လုံးညို)

လျှော့ကြိတ်ဆန်

ပြုတ်ဆန် (ပေါင်းဆန်၊ စပါးအခွံမချွတ်မီ ရေနွေးငွေ့ဖြင့် ပေါင်းထားသောဆန်)တို့သည် ဗီတာမင်ဘီဝမ်း ကြွယ်ဝသည့် အစားအစားများ ဖြစ်ကြပါသည်။



ဗီတာမင်ဘီဝမ်း ဆေးပြား

ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်(၉)လမှ မွေးဖွားပြီး (၃)လအထိ ဗီတာမင်ဘီဝမ်း ပါသည့် ဆေးပြားကို သတ်မှတ်ထားသော ပမာဏအတိုင်း နေ့စဉ်သောက်ပါ။



သံဓာတ်အာဟာရ

သံဓာတ်သည် အရေးကြီးသော သတ္တုအာဟာရဓာတ် တစ်မျိုးဖြစ်သည်။ သံဓာတ်ချို့တဲ့လျှင် သွေးအားနည်းရောဂါ ခံစားရမည်။

ကိုယ်ဝန်ဆောင်မိခင်များ သွေးအားနည်းလျှင်



ကိုယ်ဝန်ဆောင်နေစဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီး ကာလများအတွင်း အသက်အန္တရာယ် ကြုံတွေ့နိုင်သည်။

လမစေ့၊ ပေါင်မပြည့်သော ကလေး မွေးဖွားတတ်သည်။



ကလေးများ သွေးအားနည်းလျှင်



ခန္ဓာကိုယ်ပုံမှန် မကြီးထွားနိုင်ပါ။

ကျောင်းသင်ခန်းစားများတွင် အာရုံမစူးစိုက်နိုင်သဖြင့် ပညာရေး နှောင့်နှေးမည်။

ရောဂါ ရလွယ်သည်။

ကလေး၊ လူကြီးမရွေး သွေးအားနည်းလျှင်

အင်အားချိနဲ့မည်။ ကျန်းမာရေး ချို့တဲ့မည်။

ရောဂါပြင်းထန်လျှင် နှလုံးရောဂါဖြစ်ခြင်း၊ ဖောရောင်ခြင်း၊ နှလုံးပျက်ယွင်းခြင်း ဖြစ်နိုင်ပါသည်။



သံဓာတ်ကြွယ်ဝသော အစာများ

သံဓာတ်ချို့တဲ့သဖြင့် သွေးအားနည်းရောဂါ ဖြစ်ခြင်းမှ ကာကွယ်ရန် သံဓာတ်အာဟာရ ကြွယ်ဝသော အစားအစာများကို နေ့စဉ်စားသုံးရန် လိုအပ်သည်။

အသား၊ အသည်းနှင့် သွေးခဲတို့သည် သံဓာတ် အထူးကြွယ်ဝသဖြင့် တတ်နိုင်သမျှ စားသုံးသင့်သည်။

ဟင်းနုနယ်ရွက်၊ မုန်ညင်းရွက်၊ ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ချဉ်ပေါင်ရွက် စသည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးသည် သံဓာတ် အတော်အတန် ကြွယ်ဝသဖြင့် နေ့စဉ် စားသုံးသင့်သည်။

အသားဓာတ်နှင့် အချဉ်ဓာတ် (ဗီတာမင်စီ)သည် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးမှ သံဓာတ်ကို အစာလမ်းကြောင်းမှ လွယ်ကူစွာ စုပ်ယူနိုင်အောင် ကူညီသည်။

ဆင်ခြင်သင့်သည့် စားသောက်နည်းများ

ထမင်းမစားမီ(၁)နာရီနှင့် ထမင်းစားပြီး(၂)နာရီအတွင်း လက်ဖက်ရည် အချိုသောက်ခြင်း၊ ရေနွေးကြမ်း ဖန်ဖန်သောက်ခြင်း၊ လက်ဖက်သုပ် စားခြင်းတို့သည် အစာလမ်းကြောင်းမှ သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။

သံဓာတ်ဆေးပြား

ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း သံဓာတ်ဆေးပြားကို ပထမအကြိမ် ကိုယ်ဝန်စပြချိန်မှစ၍ နေ့စဉ် သတ်မှတ်ထားသော ပမာဏအတိုင်း သောက်ပါ။ ပျိုဖော်ဝင် အမျိုးသမီးတိုင်း သံဓာတ်ဆေးပြားကို ကျန်းမာရေးဌာနမှ သတ်မှတ်ထားသော ပမာဏအတိုင်း သောက်ပါ။

အိုင်အိုဒင်းအာဟာရ

အိုင်အိုဒင်းသည် သံဓာတ်၊ ထုံးဓာတ်တို့ကဲ့သို့ပင် သတ္တုအာဟာရ ဓာတ်တစ်မျိုး ဖြစ်သည်။ ခန္ဓာကိုယ် ပုံမှန်ကြီးထွားရေး၊ ဦးနှောက် ဖွံ့ဖြိုး၍ ဉာဏ်ရည်ထက်မြက်ရေး၊ ခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးတို့အတွက် အိုင်အိုဒင်းဆား အာဟာရကို လုံလောက်စွာ စားသုံးကြရမည်။

ကိုယ်ဝန်ဆောင်မိခင် အိုင်အိုဒင်းအာဟာရ ချို့တဲ့လျှင်

ကိုယ်ဝန် ပျက်ကျတတ်သည်။

ကလေးအသေ မွေးတတ်သည်။

လမစေ့၊ ပေါင်မပြည့်သော ကလေး၊ ဆွံ့အ နားမကြားသော ကလေး၊ ဉာဏ်ရည်နိမ့်သော ကလေး၊ ခြေလက် မသန်စွမ်းသော ကလေး မွေးတတ်သည်။

ကလေးငယ်များ အိုင်အိုဒင်းအာဟာရ ချို့တဲ့လျှင်

ခန္ဓာကိုယ် စံချိန်မီ မကြီးထွားနိုင်ဘဲ သေးကွေး ပုညှက်နေမည်။ ဉာဏ်ထိုင်းမည်။

လည်ပင်းကြီးရောဂါ ဖြစ်မည်။ သွက်လက် ဖျတ်လတ်မှု မရှိ၊ ထုံထိုင်းနှေးကွေးမည်။



အိုင်အိုဒင်းဆား လူတိုင်းစား

အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ ရရှိရန် အိုင်အိုဒင်းဆားကို နေ့စဉ်စားသုံးရမည်။

သန်ကောင်ရာဂါ

ကလေးများတွင် သန်ကောင်ရောဂါ စွဲကပ်လျှင် အာဟာရချို့တဲ့၍ ခန္ဓာကိုယ်ကြီးထွားမှုနှင့် သင်ယူနိုင်စွမ်း နှေးကွေးမည်။

သန်ကောင်ရောဂါ ကာကွယ်ရေး

အစားအစား မပြင်ဆင်မီ၊ အစာမစားမီနှင့် အိမ်သာဝင်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပါ။

သန့်ရှင်းသော အစားအစာများကို စားသုံးပါ။

တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် ပုံမှန်သန့်ရှင်းရေးကို ပုံမှန်ဆောင်ရွက်ပါ။

ကိုယ်ဝန်ဆောင် မိခင်တိုင်း ကိုယ်ဝန် (၃)လ နောက်ပိုင်းတွင် ကျန်းမာရေးဌာနမှ သတ်မှတ်ထားသော သန်ချဆေးဖြင့် အနည်းဆုံး တစ်ကြိမ် သန်ချပါ။

အသက်(၂)နှစ်မှ (၉)နှစ်အထိ ကလေးတိုင်း (၆)လတစ်ကြိမ် ပုံမှန်သန်ချပါ။

မြေကြီးပေါ်တွင် ဆော့ကစားပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပါ။

အပြင်ထွက်တိုင်း ဖိနပ်စီးပါ။

သန္ဓေသားဘဝမှ အသက်(၂) နှစ်အတွင်း ဘဝအစ၏ ပထမရက်ပေါင်း (၁၀ဝ၀) ကာလတွင် အာဟာရဆိုင်ရာ ပံ့ပိုးဖြည့်ဆည်းမှုသည် ရေတို၊ ရေရှည် အကျိုးကျေးဇူးများကို ရရှိစေနိုင်၍ ထိုကလေး၏ ဘဝတစ်လျှောက်လုံးအတွက် အရေးအကြီးဆုံးနှင့် ထိရောက်မှုအရှိဆုံး လုပ်ဆောင်ချက် ဖြစ်ပါသည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN