နိုင်ဂျီးရီးယား ပစ်ခတ်မှုဖြစ်ပွား မိသားစုဝင် ခြောက်ဦးသေဆုံး

၂၉ မေ

နိုင်ဂျီးရီးယားနိုင်ငံမြောက်ဘက် အလယ်ပိုင်း Plateau ပြည်နယ်တွင် အမည်မသိ သေနတ်သမားများ ပစ်ခတ်မှုကြောင့် မိသားစုဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတင်းထောက်များကို ယနေ့ ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားသည့် Plateau ပြည်နယ် Riyom မြို့၊ Nakai Danwal ကျေးရွာရှိ   မိသားစုတစ်စု၏ နေအိမ်ကို ယမန်နေ့ညက အမည်မသိသေနတ်သမားများ ဖောက်ထွင်းဝင်ရောက်ပြီး မိသားစုဝင်များကို ပစ်ခတ်ခဲ့ရာ ထိုမိသားစုဝင်များသေဆုံးခဲ့ကြောင်း ယင်းပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Terna Tyopev က ပြောကြားခဲ့သည်။

စစ်ဆင်ရေး တာဝန်ရှိ ထိပ်တန်းရဲအရာရှိတစ်ဦးသည် ပစ်ခတ်မှုဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့ပြီး လက်တုံ့ပြန် တိုက်ခိုက်မှုကို တားဆီးရန်အလို့ငှာ ယင်းနေရာသို့ လက်နက်ကိုင်တပ်ဖွဲ့များ တပ်ဖြန့်ချထားခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

မြောက်ပိုင်းတွင် အစ္စလာမ်ဘာသာဝင်များ ကြီးစိုးပြီး တောင်ပိုင်းတွင် ခရစ်ယာန်ဘာသာဝင် အများစုရှိသော နိုင်ဂျီးရီးယား အလယ်ပိုင်းရှိ ၎င်းပြည်နယ်တွင် ဒေသခံများနှင့် ဖူလာနီ နွားကျောင်းသားများအကြား စိတ်ဝမ်းကွဲမှုများ တွေ့ကြုံရသည်။

ယခင်တိုက်ခိုက်မှုများတွင် အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများ အသတ်ခံရကြောင်း ဖော်ပြထားသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို