အဘူဂျာ၊ ဒီဇင်ဘာ ၁၇

 

နိုင်ဂျီးရီးယားနိုင်ငံ တစ်ဝန်း လက်ဆာအဖျားရောဂါ ကူးစက်မှုလျှော့ချရန် အစီအမံများ ပြင်းပြင်းထန်ထန် လုပ်ဆောင် နေသော်လည်း လွန်ခဲ့သော ၁၁ လအတွင်း လက်ဆာအဖျား ရောဂါကြောင့် သေဆုံးသူ ၂၀၀ ထက်မနည်းရှိကြောင်း နိုင်ဂျီးရီး ယားရောဂါ ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။

 

နိုင်ဂျီးရီးယားရောဂါထိန်းချုပ် ရေးစင်တာက ထုတ်ပြန်သည့် လက်ဆာအဖျားရောဂါ အခြေအနေဆိုင်ရာ နောက်ဆုံး အစီရင်ခံစာအရ ယခုနှစ်အစပိုင်းမှ ဒီဇင်ဘာ ၃ ရက်အထိ ပြည်နယ် ၂၈ ခုရှိ ဒေသန္တရ အစိုးရနယ်မြေ ၁၁၄ ခုမှ အတည်ပြုလူနာ ၁၁၇၀၊ သံသယလူနာ ၈၅၄၂ ဦး ရှိခဲ့ ကြောင်း ပြောကြားသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ လက်ဆာဗိုင်းရပ်စ်သည် အရီနာဗိုင်းရပ်စ် အုပ်စုဝင်ရောဂါပိုး တစ်ခုဖြစ်ပြီး များသောအားဖြင့် လက်ဆာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသော မတ်စ်တိုမစ်ကြွက်များ၏ ဆီး သို့မဟုတ် မစင်များပါရှိသော အစားအစာ သို့မဟုတ် အိမ်သုံး ပစ္စည်းများကို ထိတွေ့ခြင်းဖြင့် လူသို့ကူးစက်တတ်သည်။ အဆိုပါ ရောဂါသည် အနောက်အာဖရိက ဒေသများရှိ ကြွက်များမှတစ်ဆင့် ကူးစက်ဖြစ်ပွားလေ့ရှိသည်။

 

အချို့သော လက်ဆာအဖျား ရောဂါလက္ခဏာများသည် ငှက်ဖျား ရောဂါနှင့် ဆင်တူသော လက္ခဏာ များရှိပြီး ဗိုင်းရပ်စ်နှင့် ထိတွေ့ပြီး နောက် တစ်ပတ်မှသုံးပတ်အကြားတွင် ပြသသည်။ အပျော့စား ဖျားနာမှုရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ကို ဖြစ်စေသည်။

 

ဆင်ဟွာ