အဘူဂျာ  မတ်  ၁၀

အာဖရိကတိုက်၏ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ၌ ပဋိပက္ခဖြစ်ပွားမှုများ၏ ဆိုးရွားသော နောက်ဆက်တွဲအကျိုးဆက်များကြောင့် နိုင်ငံ၏ အရှေ့မြောက်၊ အနောက်မြောက်နှင့် အလယ်ပိုင်းဒေသများတွင် အသက်ငါးနှစ်အောက် ကလေးငယ်ပေါင်း  ၆  ဒသမ ၄ သန်း နီးပါး    ပြင်းထန်အာဟာရချို့တဲ့မှုနှင့်  ကြုံတွေ့နေရကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က ပြောကြားလိုက်သည်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင်   လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုများမှာ  ၁၅ နှစ် ကျော် ကြာမြင့်လာပြီဖြစ်ကြောင်း ICRC  က  မတ် ၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စားနပ်ရိက္ခာမဖူလုံမှုမှာလည်း နိုင်ဂျီးရီးယားနိုင်ငံရှိ ကလေးငယ်ပေါင်းများစွာ၏   အသက်ရှင်ရပ်တည်နိုင်ရေးကို ဆိုးရွားစွာခြိမ်းခြောက်လျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။ 

ကလေးငယ်များအပြင် မိခင်များနှင့် နို့တိုက်မိခင်များတွင်လည်း အသက်အန္တရာယ်အရှိဆုံး အခြေအနေများနှင့် ရင်ဆိုင်နေကြရကြောင်း၊ ထောက်ပံ့ကူညီမှုများ ရရှိရန်ခက်ခဲသောဒေသများ အထူးသဖြင့်   ဘော်နိုနှင့်  ယိုဘီဒေသအများအပြားတွင် ပြင်းထန်အာဟာရချို့တဲ့    ဖြစ်ပွားမှုနှုန်းမှာ မြင့်မားနေဆဲဖြစ်ကြောင်း  လူသားချင်းစာနာထောက်ထားမှုအဖွဲ့က ပြောသည်။       

ဆင်ဟွာ