အောက်တိုဘာ ၉
နိုင်ဂျီးရီးယားနိုင်ငံအနောက်တောင်ပိုင်းလာဂို့စ်ပြည်နယ်တွင် လှေနစ်စင်းတိုက်မိမှုကြောင့် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အခြား ၂၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောသည်။
အဆိုပါလှေနှစ်စင်းပေါ်တွင် ခရီးသည် ၁၆ ဦးစီ အသီးသီးတင်ဆောင်လာကြောင်းနှင့် အောက်တိုဘာ ၇ ရက်ညပိုင်းက Imore မြို့ ရေအိုင်အလယ်တွင် ယင်းလှေနှစ်စင်းတိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
လှေမတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူအများစုမှာကုန်သည်များဖြစ်သည်။ ရေငုပ် အဖွဲ့များနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးကို ကယ်ဆယ်ကာ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းနှင့် ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုစတင် လုပ်ဆောင်နေကြောင်း ၎င်းကထပ်လောင်းပြောသည်။
နိုင်ဂျီးရီးယားနိုင်ငံတွင် ရာသီဉတုအခြေအနေများဆိုးရွားခြင်း၊ အရှိန်မထိန်းနိုင်ခြင်းတို့ကြောင့် လှေမတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို