အောက်တိုဘာ ၁၂
နိုင်ဂျီးရီးယားနိုင်ငံတွင် ယခုနှစ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၅၄၆ ဦးနှင့် သေဆုံးသူဦးရေ ၅၀၀ ကျော်ရှိလာကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။
ပြည်နယ် ၃၁ ခုနှင့်မြို့တော်တို့တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ ၁ ဒသမ ၄ သန်းကျော်ရေဘေးသင့်ခဲ့သည်ဟု လူသားချင်းစာနာထောက်ထားမှုရေးရာ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် နာဆာဆန်နီဂါဇိုက ဆိုသည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် နေအိမ်အလုံး ၄၄၀၀၀ ကျော် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး နေအိမ်အလုံးပေါင်း ၄၅၀၀၀ ခန့် လုံးဝပျက်စီးသွားကြောင်း လယ်မြေ ဟက်တာ ၁၄၀၀၀၀ ကျော် တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျက်စီးခဲ့ကြောင်း ထိုတာဝန်ရှိသူက ပြောကြားသည်။
ဖက်ဒရယ်အမှုဆောင်ကောင်စီက မကြာသေးမီကအတည်ပြုထားသော ရေကြီးရေလျှံမှုဆိုင်ရာ အရေးပေါ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်သည် ရေကြီးမှုသက်ရောက်မှုလျော့ပါးသက်သာစေရန် လမ်းညွှန်မှုပေးထားသည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို