အောက်တိုဘာ ၂၆
နိုင်ဂျီးရီးယားနိုင်ငံအစိုးရက ယခုနှစ်မိုးရာသီမှစတင်ကာ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၆၁၂ ဦးရှိလာပြီး ၃၂၁၉၇၈၀ ရေဘေးသင့်ခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်သည်။
လူသားချင်းစာနာထောက်ထားမှုရေးရာ၊ သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက နိုင်ငံအတွင်းရှိ ဒေသအချို့တို့တွင် ရေကြီးရေလျှံမှုကြောင့် ၂၇၇၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁၄၂၇၃၇၀ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟု ပြောကြားသည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် လယ်ယာမြေ ဟက်တာ ၁၇၆၈၅၂ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး လယ်ယာမြေ ဟက်တာ ၃၉၂၂၉၉ သည် လုံးဝပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ပြည်နယ် ၂၁ ခုသို့ ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေပေးခဲ့ပြီး အခြားသောပြည်နယ်များသို့ စားစရာနှင့် အခြားသောပစ္စည်းများပေးပို့ပြီးဖြစ်သည်ဟု ထိုတာဝန်ရှိသူကအတည်ပြုပြောကြားသည်။
နိုင်ဂျီးရီးယားအစိုးရ၏အစောပိုင်းထုတ်ပြန်ချက်များအရ ယခုနှစ်အတွင်း အနည်းဆုံးပြည်နယ် ၃၁ ခုနှင့် ဖက်ဒရယ်နယ်မြေတစ်ခုဖြစ်သောအဘူဂျာတို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို