အဘူဂျာ ၄ ဖေဖော်ဝါရီ
နိုင်ဂျီးရီးယားနိုင်ငံတွင် ဒုတိယသမ္မတ ယီမီအိုဆင်ဘာဂျို လိုက်ပါလာသည့် ရဟတ်ယာဉ် စနေနေ့က ပျက်ကျခဲ့ရာ ဒုတိယသမ္မတမှာ ကံကောင်းစွာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်နေ့က ရဟတ်ယာဉ်ပေါ်တွင် ဒုတိယသမ္မတ အိုဆင်ဘာဂျို နှင့် ၄င်း၏ လက်ထောက်အပါအဝင် ခြောက်ဦး လိုက်ပါလာခဲ့ရာ ခိုဂျီပြည်နယ် ကာဘာဒေသသို့ ဆင်းသက်စဉ် ပျက်ကျသွားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ လာအိုလူအာကန်ဒီက ပြောကြားခဲ့သည်။
ရဟတ်ယာဉ်သည် ဆိုးဆိုးရွားရွားပျက်စီးသွားခဲ့သော်လည်း ခရီးသည်များအားလုံး အသက် ရှင်လွတ်မြောက်လာခဲ့ကြောင်းနှင့် ယာဉ်မောင်းမှာလည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ၄င်းက ပြောသည်။
ဒုတိယသမ္မတက ၄င်းနှင့်တကွ အတူလိုက်ပါလာသူများ ဘေးကင်းကြောင်း၊ လေယာဉ်မှူးက အခြေအနေများကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း တွစ်တာပေါ်၌ ဖော်ပြခဲ့သည်။
ကျွမ်းကျင်သူများက ရဟတ်ယာဉ်ပျက်ရသည့်အကြောင်းရင်းကို သိရှိရရေးအတွက် အခင်းဖြစ်ပွားသည့်နေရာတွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရဟတ်ယာဉ်ပျက်ကျမှုသည် လုပ်ကြံမှုတစ်ခုမဟုတ်ကြောင်း သမ္မတရုံး အရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံသည် လာမည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန်ရှိကြောင်း သိရသည်။
ဆင်ဟွာ