နေပြည်တော် မတ် ၃

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ် (National Integrated Coastal Management Programme – ICM) အပြီးသတ်ရေးသားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မတ် ၃ ရက် နံနက်ပိုင်းက  နေပြည်တော်ရှိ KMA ဟိုတယ်တွင် ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးထွန်းအုံက “နိုင်ငံတော်အနေဖြင့်  သဘာဝသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ပင်လယ်ကမ်းရိုးတန်းနှင့် ဒီရေတောကဏ္ဍဆိုင်ရာ စီမံအုပ်ချုပ်မှုလုပ်ငန်းများ ကမ်းရိုးတန်း ဒေသထွက်ကုန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ပံ့ပိုးပေးနိုင်ရန်၊ ပင်လယ်ကမ်းရိုးတန်းဒေသ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်အတွက် ‘နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ’ ကို ၂၀၁၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီအား အထောက် အကူပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ‘နိုင်ငံအဆင့် ပင်လယ်ကမ်း ရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ’၊ ‘ပင်လယ်ကမ်းရိုးတန်း တိုင်းဒေသကြီး ပြည်နယ်အဆင့်ကော်မတီများ’နှင့် ‘ခရိုင်အဆင့်ကော်မတီများ’ ဖွဲ့စည်းပြီး ထိရောက်စွာ စီမံအုပ်ချုပ်လျက်ရှိကြောင်း။

ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန် ၁၀ ရပ်အနက် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ်(ICM)တစ်ရပ် ရေးဆွဲချမှတ်ရန်အတွက် သစ်တောဦးစီးဌာန အနေဖြင့် ဒိန်းမတ်နိုင်ငံသံရုံးနှင့် ပူးပေါင်း၍ ICM မိတ်ဆက်ပွဲများ၊ ICM ဆိုင်ရာသင်တန်းများ၊ ICM ဆိုင်ရာ လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ခဲ့ကြောင်း၊ ICM အစီအစဉ်(မူကြမ်း)ကို ‘နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီအတွင်းရေးမှူးများထံတင်ပြပြီး အကြံပြုချက်များ ရယူခဲ့ရာ အကြံပြုချက် ၃၃ စောင်ရရှိခဲ့ကြောင်း၊ IUCN အဖွဲ့မှ ကော်မတီအဖွဲ့ဝင်များ ပေးပို့လာသည့် အကြံပြုချက်များနှင့်အညီ မူကြမ်းကို ပြန်လည်ပြင်ဆင်ပြီး အပြီးသတ်မူကြမ်း တင်ပြနိုင်ခဲ့သော်လည်း အချို့ဆက်စပ်ဌာနများ၏ အကြံပြုချက်များသည် ပြင်ဆင်ရေးသားရန် လိုအပ်သည့်အတွက် ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရအဖွဲ့၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များနှင့် ရင်းရင်းနှီးနှီး ညှိနှိုင်းဆွေးနွေးနိုင်ရန် ရည်ရွယ်ထားကြောင်း။

ICM အစီအစဉ် အတည်ပြုရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းလေးသွယ်ကို ဖော်ထုတ်ထားရှိပြီး မြန်မာနိုင်ငံနှင့် အကိုက်ညီဆုံးဖြစ်မည့် အတည်ပြုရေးနည်းလမ်းကို ရွေးချယ်ဆောင်ရွက်ရ မည်ဖြစ်ပြီး ICM အစီအစဉ်ကို အတည်ပြုရန်အတွက် အကြံပြုလိုသည့်နည်းလမ်းများရှိပါက တက်ရောက်လာသူများမှ အကြံပြုပေးရန် ဖိတ်ခေါ်ပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ IUCN အဖွဲ့၏ မဲခေါင်ဒေသနိုင်ငံများဆိုင်ရာ တာဝန်ခံ Mr.Jake Brunner က Online ဖြင့်နှုတ်ခွန်းဆက်စကားပြောကြားသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံအဆင့်ပင်လယ်ကမ်း ရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီဝင်ဆက်စပ်ဌာနများမှ ကိုယ်စား လှယ်များ၊ ပဲခူး/ရန်ကုန်/ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ စီမံအုပ်ချုပ်မှုကော်မတီဝင်များ၊ IUCN အဖွဲ့မှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ပညာရှင်များ တက်ရောက်ကြပြီး တနင်္သာရီ/ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်မှုကော်မတီဝင်များမှ Virtual/ Online ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်