နေပြည်တော် ၉ ဩဂုတ် 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာ့ကမ်းရိုးတန်း၏ သယံဇာတများရေရှည်တည်တံ့စေရန်နှင့် ကမ်းရိုးတန်းဒေသတွင် ဖြစ်ပေါ်နေသည့် မြေထု/ ရေထုညစ်ညမ်းမှုများ၊ အငြင်းပွားမှု ပြဿနာများ၊ အစိုးရ၊ ဌာနဆိုင်ရာ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံလူထုတို့အကြား ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အဆင့်/ ဗဟိုအဆင့်မှ တိုင်းဒေသကြီး နှင့်ပြည်နယ်၊ ခရိုင်အဆင့်အထိ ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများကို အဆင့်အဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊

ယခုအချိန်အထိ ဗဟိုကော်မတီ အစည်းအဝေးကို (၆)ကြိမ်ကျင်းပခဲ့ပြီး ပထမအကြိမ်မှ ဆဌမအကြိမ် အစည်းအဝေးထိ ဆုံးဖြတ်ချက်ပေါင်း (၄၇)ချက် ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ်းရိုးတန်း သဘာဝသယံဇာတများ ပေါကြွယ်ဝသည့်အတွက် ၎င်းသယံဇာတများအပေါ်မှာ မှီတင်းနေထိုင် ကျက်စားနေကြသည့် ဇီဝမျိုးစုံမျိုးကွဲများလည်း ပေါများပါကြောင်း၊ ကမ်းရိုးတန်းဒေသများမှာ ဒီရေတောဂေဟစနစ်၊ သန္တာကျောက်တန်းဂေဟ စနစ်၊ ပင်လယ်မြက်ခင်း၊ ရွှံ့နွံလတာပြင်၊မြစ်ဝ နှင့် သဲသောင်ကမ်းခြေ ဂေဟစနစ်စသည့် ထူးခြားသည့်ဂေဟစနစ်များ ပိုင်ဆိုင်ထားပြီး၊ တန်ဖိုးမဖြတ်နိုင်သည့် ပင်လယ်ကမ်းရိုးတန်း ဂေဟစနစ်ကြီးသည် လူဦးရေတိုးပွားများပြားလာခြင်းနဲ့အတူ ရေတိုအကျိုးစီးပွားရှေ့ရှုပြီး သယံဇာတများ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ ရေရှည်တည်တံ့ခြင်းမရှိသော အခြားမြေအသုံးချမှုပုံစံသို့ ပြောင်းလဲခြင်း၊ ကမ်းရိုးတန်းဂေဟစနစ်များမှ ရရှိသည့် လူမှုစီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တန်ဖိုးများကို သိရှိနားလည်မှု အားနည်းခြင်း၊ ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံးလုပ်နည်းများ၏ အကျိုးသက်ရောက်မှု အားနည်းခြင်း၊ အစိုးရဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းစတဲ့ အခက်အခဲအတားအဆီးများ ရင်ဆိုင်နေရပြီး ကမ်းရိုးတန်းသယံဇာတများ နှစ်စဉ် ဆုံးရှုံးနေကြရပါကြောင်း၊ 

ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုကို ဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထုများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည့်အတွက် ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက်  အစည်းအဝေးလမ်းညွှန်ချက်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် လူထုအခြေ ပြုစီမံခန့်ခွဲမှု နည်းလမ်းများဖြစ်သော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (Community Forestry- CF)၊ လူထုအခြေပြုခရီးသွား လုပ်ငန်း (Community Based Tourism - CBT) နှင့်  ဒေသခံများနှင့် ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါရေပြင်ဧရိယာ (Locally Managed Marine Area) တို့ကိုဦးစားပေး ဆောင်ရွက်ကြရန် လိုကြောင်း၊

ယခု အစည်းအဝေးမှရရှိလာသည့် ဆွေးနွေးတင်ပြချက်ရလဒ်၊ ဆုံးဖြတ်ချက်များအား သတ္တမအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမည် ဖြစ်သည့်အတွက် ကော်မတီဝင်များအနေဖြင့် ကမ်းရိုးတန်းသယံဇာတများ အဓွန့်ရှည် တည်တံ့စေရေးအတွက် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ စိုက်ပျိုး/မွေးမြူရေးနှင့် သစ်တောသယံဇာတဆိုင်ရာဝန်ကြီးများ၊ သက်ဆိုင်ရာ ဆက်စပ်ဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  တိုင်းဒေသကြီး/ ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊  ဖိတ်ကြားထားသော ဧည့်သည်တော်များ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်