နေပြည်တော် ဒီဇင်ဘာ ၁

 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကော်မတီအတွင်းရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီကို  ဧပြီ (၂)ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်အမှတ် (၉၅/၂၀၂၁) ဖြင့် ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဌ ဦးဆောင်သည့် အဖွဲ့ဝင်(၂၁)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးကို ဇွန် ၉ ရက်တွင် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်(၃)ရပ်အနက် ဆုံးဖြတ်ချက်(ဈ)အရ လုပ်ငန်းကော်မတီအစည်းအဝေးတွင် တနင်္သာရီကမ်းရိုးတန်းဒေသ၏ အမည်ရှိနှင့် အမည်မရှိ ကျွန်းများအား အမှတ်စဉ်သတ်မှတ် ထိန်းသိမ်းရန်ကိစ္စအား ပြည့်စုံစွာတင်ပြနိုင်ရေးအတွက် လုပ်ငန်းကော်မတီအဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးက ကြိုတင်ဆွေးနွေးညှိနှိုင်းထားရန်  အထူးမှာကြားလိုပါကြောင်း။

 

တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက သီးခြားဆောင်ရွက်ရမည့် ဆုံးဖြတ်ချက် (၁) ရပ်ဖြစ်သည့် ဆုံးဖြတ်ချက် (ဇ) “တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီများအား ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး” ကိစ္စနှင့် စပ်လျဉ်းပြီး ပင်လယ်ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီး/ ပြည်နယ်များအားလုံးက ကော်မတီများ အချိန်နှင့်တစ်ပြေးညီ ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကော်မတီအစည်းအဝေးများကိုလည်း ဒီဇင်ဘာ ၁၅ ရက် မတိုင်မီ ကျင်းပနိုင်ရေး နှိုးဆော်ထားရှိပြီးဖြစ်ပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တက်ရောက်ကြပြီး တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအတွင်းရေးမှူး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်