ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ညီလာခံ (၂၀၂၃) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက် နေ့အထိကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း စုစုပေါင်း ၅၀ ကျော်မှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ပြီး ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ညီလာခံတွင် ကမ္ဘာ့လုံခြုံရေးအပေါ် ကြိုတင်ခန့်မှန်းခြင်း၊ ပြည်သူ့လုံခြုံရေးအတွက် ဘက်စုံထောင့်စုံမှ စုပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာအစီအစဉ်များ တိုးမြှင့်ပြုလုပ်ခြင်း၊ လုံခြုံမှုရှိခြင်းကြောင့် ရရှိလာသည့် ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကို မျှဝေခံစားခြင်း စသည့်ခေါင်းစဉ် လေးရပ်ဖြင့် ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာတွင် ကြုံတွေ့နေရသည့် လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် မြန်မာနိုင်ငံ၏ အခြေအနေများကိုထင်ဟပ်၍ လက်တွဲပူးပေါင်းဆောင်ရွက်ရမည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရေးနှင့် ပြည်တွင်းရေး ကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရေးပါဝင်သည့် နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် လိုက်နာ ကျင့်သုံးနေသောနိုင်ငံဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံသည် မြန်မာနိုင်ငံက လိုက်နာကျင့်သုံး လျက်ရှိသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့် လိုက်လျောညီထွေမှုရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါအစီအမံကို ကြိုဆိုထောက်ခံပြီး လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအရ ခြိမ်းခြောက်မှုများကို နိုင်ငံအများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းများသည် မြန်မာနိုင်ငံပြင်ပမှ ဝင်ရောက်လာခြင်းဖြစ်၍ နိုင်ငံပေါင်းစုံမှ ပူးပေါင်းတားဆီးကြရန် လိုအပ်မည်ဖြစ်သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ကြသည့် ပြည်တွင်းပြည်ပမှ ဂိုဏ်းအဖွဲ့များနှင့် ပူးပေါင်းကျူးလွန်သူများကို ဖမ်းဆီးနိုင်မှသာ မူးယစ်ဆေးဝါးအန္တရာယ် အမြစ်ပြတ်သည်အထိ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီဖလှယ်ပြီး ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ဉာဏ်ရည်တု နည်းပညာကဲ့သို့ ဘာသာစကားဆိုင်ရာ နည်းပညာ အသစ်များကို အွန်လိုင်းလိမ်လည်ရာ စင်တာများတွင် အသုံးချနေကြသည်။ အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်၍ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် မျှဝေဖလှယ်ကြရန်လိုအပ်ပေသည်။

 

လူကုန်ကူးသည့်လမ်းကြောင်းများ၊ ငွေကြေးလွှဲပြောင်းလက်ခံမှုများ သို့မဟုတ် ပြစ်မှုကျူးလွန်ပုံကျူး လွန်နည်းများ စသည့်အချက်အလက်များကို ဖလှယ်နိုင်ခြင်းအားဖြင့် လူတစ်ဦးချင်းစီအလိုက် ခေါင်းပုံဖြတ်ခံရမှုများကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု အညွှန်းကိန်း အစီရင်ခံစာ (၂၀၂၃) အရ မောင်းသူမဲ့ယာဉ် (ဒရုန်း) များကို အသုံးပြုလာကြသည်ဟု ဆိုထားသည်။ အကြမ်းဖက်သမားများ ဒရုန်းများ အသုံးပြုလာမှုကို မြန်မာနိုင်ငံ၌ ကြုံတွေ့လာရပြီး အနာဂတ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုဖြစ်လာမည်။ အကြမ်းဖက်သမားများနှင့် ဒုစရိုက်ဂိုဏ်းများ၏ လက်အတွင်းသို့ ဒရုန်းအပါအဝင် စွမ်းအားမြှင့်လက်နက်များ မရောက်ရှိစေရေးအတွက် ကမ္ဘာလုံးဆိုင်ရာ၊ ဒေသတွင်းဆိုင်ရာ၊ နှစ်နိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရမည် ဖြစ်သည်။ ဖော်ပြပါအခြေအနေများကို မြန်မာနိုင်ငံက နိုင်ငံများသို့ မျှဝေအသိပေးခဲ့ပြီး ယင်းတို့ကို လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်မှ ငြိမ်းချမ်းသာယာဝပြောမှုကို ဆောင်ကြဉ်းနိုင်မည်ဖြစ်သည်။

 

ညီလာခံသို့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဗြိတိန်၊ ဆော်ဒီအာရေဗျ၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျီစတန်၊ တာဂျီကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ တူကီယဲ၊ ဘီလာရုစ်၊ အီရန်၊ မွန်ဂိုလီးယား၊ တောင်ကိုရီးယား၊ ဂျာမနီ၊ ပြင်သစ်၊ နီကာရာဂွါ၊ အာဂျင်တီးနား၊ ပနားမား၊ အီသီယိုးပီးယား၊ တောင်အာဖရိကနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့၊ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

 

သို့ဖြစ်ရာ တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးခြိမ်းခြောက်မှုများကို ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူပေါင်းဆောင်ရွက်မှု ညီလာခံမှတစ်ဆင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံများအချင်းချင်း လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ခြင်းဖြင့် ငြိမ်းချမ်းသာယာဝပြောမှုကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

ကြေးမုံ