မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြည်ပထွက်ခွာ အလုပ်လုပ်ခဲ့ကြသည်မှာ ၁၉၉၀ ပြည့်လွန်နှစ်များမှ စတင်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီဖြစ်သည်။ မိမိနိုင်ငံထက် လုပ်ခလစာဆွဲဆောင်မှု ကောင်းသည့် နိုင်ငံများဆီသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကြသည်မှာ ကမ္ဘာတစ်ဝန်းလုံးတွင်ပင်ဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားများက မိခင်နိုင်ငံရှိ မိသားစုထံ ပြန်လည်လွှဲပြောင်းငွေများမှာ နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူ ပြုခြင်းကြောင့် ပြည်ပ အလုပ်သမားစျေးကွက်သို့     မိမိနိုင်ငံသား အလုပ်သမားများ စေလွှတ်ခြင်းကို   စနစ်တကျပြုလုပ်ကြရသည်။   မြန်မာနိုင်ငံမှာမူ ပထဝီအနေအထားအရ နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံအချို့ဆီသို့  တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်မှုများ ရှိနေသည့်အလျောက် ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားဦးရေ အမှန် စာရင်းကိုပင် ရရှိရန်မလွယ်ကူကြောင်း တွေ့ရသည်။

 

အလုပ်သမားဝန်ကြီးဌာနက ပြည်ပရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများ မိမိတို့ရရှိသည့် လုပ်ခ လစာများကို တရားဝင်လမ်းကြောင်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ရန် သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ရာ နိုင်ငံပိုင်သတင်းစာများတွင် စက်တင်ဘာ ၆ ရက်က ဖော်ပြခဲ့သည်။ အဆိုပါအမိန့်ကြော်ငြာစာအရ ပြည်ပနိုင်ငံများတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများသည် ပြည်ပနိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏ မိသားစုဝင်များထံ သို့မဟုတ် မိမိနိုင်ငံရှိ မိမိ၏ဘဏ်စာရင်းသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင် တစ်ကြိမ်၊ သို့မဟုတ် အများဆုံး သုံးလစာပေါင်း၍ သုံးလလျှင်တစ်ကြိမ် လွှဲပြောင်းပေးပို့ကြရမည်ဖြစ်သည်။

 

လက်ရှိမိမိတို့နိုင်ငံတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၅၆၀ ကျော် ရှိသည်။ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ အရေအတွက်အနေဖြင့်  ၁၉၉၀  ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း OWIC ခေါ် အသိအမှတ်ပြုကတ်ပြား ထုတ်ပေးမှုအရေအတွက် ၁ ဒသမ ၈ သန်းကျော်သာ ရှိနေသည်ကို တွေ့ရသည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အလုပ်လုပ်နိုင်သည့အရွယ် လူဦးရေအချိုးအစားများပြားပြီး  “လူဦး‌ရေဆိုင်ရာ ဆုလာဘ်  ရရှိထားသည့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း လယ်ယာစိုက်ပျိုး မွေးမြူရေးလုပ်ငန်းခွင်များ၊ ပြည်တွင်း MSME လုပ်ငန်းများအတွက် လုပ်သားရှားပါးမှု  ကြုံတွေ့နေရကြောင်း သတင်းများကို ကြားသိနေရသည်။ ပြည်ပသို့ ရွှေ့ပြောင်းအလုပ် သမားအဖြစ် သွားရောက်လုပ်ကိုင်ကြသူအများစုမှာ နိုင်ငံလူဦးရေ ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်ဒေသများမှဖြစ်ပြီး နီးစပ်ရာ ပွဲစားများမှတစ်ဆင့် တရားမဝင်သွားရောက် အလုပ်လုပ်ကြခြင်း ဖြစ်သကဲ့သို့ ပြည်တွင်းသို့ ငွေလွှဲပို့ရာတွင်လည်း အလုပ်ထဲအထိလာယူပြီး ဝန်ဆောင်မှုပေးသည့် တရားမဝင်ဟွန်ဒီများနှင့် လွှဲကြ ခြင်းဖြစ်သည်ဟု သိရသည်။

 

အလုပ်သမားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ ပြည်ပရောက် မြန်မာအလုပ်သမားတို့အနေဖြင့်  လစဉ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် မဖြစ်မနေ  ပြန်လည် လွှဲပို့ကြရမည် ဖြစ်သကဲ့သို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှာလည်း မိမိတို့ဆောင်ရွက် ကြရမည့်လုပ်ငန်းများကို မပျက်မကွက် တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတကာတွင် ပြည်ပ အလုပ်သမားစျေးကွက်သို့ အလုပ်သမားတင်ပို့သည့်နိုင်ငံများမှာ နိုင်ငံအတွက် ဝင်ငွေဒေါ်လာ ဘီလီယံနှင့်ချီ၍ ရရှိကြသော်လည်း မိမိတို့နိုင်ငံမှာမူ အလုပ်သမားများ  ထွက်သွားမှုများသလောက် ဝင်ငွေပြန်မလာ။ တရားမဝင် သွားရောက်ကြသူများပြားသည့်အလျောက် နောက်မှလိုက်ရှင်းရသည့် ပြဿနာများပြားလှသည်။ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားများ စေလွှတ်မှုကို နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ ပိုမိုဖြစ်ထွန်းစေရေး ရှေးရှု ဆောင်ရွက်ကြရပါမည့်အကြောင်း၊၊

 

မြန်မာ့အလင်း