နိုင်ငံ့အကျိုးစီးပွားကို အလေးထားဆောင်ရွက်နေ

၂၅ ဖေဖော်ဝါရီ

 

ရခိုင်ပြည်နယ်အရေးကို စိန်ခေါ်မှုများစွာကြားမှ နိုင်ငံတော်အစိုးရက အထူးအလေးထားပြီး အမြင်ကျယ်ကျယ်ဖြင့် ကိုင်တွယ်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အရေးကိုသာမက နိုင်ငံတစ်ဝန်းလုံးတွင် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး စသည့် အရေးကိစ္စများစွာတို့ကိုလိုအပ်ချက်အလိုက် ဖော်ဆောင်ပေးနေ သည်ကို တွေ့ရသည်။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ လည်းပါဝင်ပြီး ရခိုင်ပြည်နယ် စီမံကိန်းများကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့်အညီ အကောင်အထည်ဖော်နေသည်ကို လက်တွေ့မြင်တွေ့နိုင်သည်။ အကြံပြုချက်များအား ဖော်ဆောင်ရာတွင် ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခဖြစ်ပွားခြင်း၏ အခြေခံအကြောင်း အရင်းများကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းဆောင်ရွက်ခြင်းသည် ပဋိပက္ခများ ရေရှည်ကင်းဝေးပြီး ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်ဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေပါသည်။

 

ရခိုင်ပြည်နယ်အရေးကို ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက် များအား ဦးစားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်နိုင်ငံသို့ထွက်ခွာသွားသည့် ရခိုင်ပြည်နယ် တွင် နေထိုင်ခဲ့ကြသူများ၏ အရေးကိုလည်း စနစ်တကျ ဆောင်ရွက်နေပါသည်။ ဖေဖော်ဝါရီ၂၀ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ခရိုင်အဆင့် ပြန်လည်လက်ခံရေးကိစ္စများကို ဆွေးနွေးခဲ့ကြ သည့်အပြင် ဘင်္ဂလားဒေ့ရှ်ဘက်မှ နယ်စပ်အာဏာပိုင်အဖွဲ့များအား မြန်မာနိုင်ငံမှ ဆောင်ရွက်ထားမှု များနှင့် ပူးပေါင်းကူညီ ဖြေရှင်းဆောင်ရွက်ပေးရေးကိစ္စများ ဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့ကြသည်။

 

တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအရေးနှင့် ပတ်သက်၍ စနစ်တကျပြန်လည်လက်ခံရန် အသင့်ဖြစ်နေချိန်တွင် နှစ်နိုင်ငံနယ်စပ်တွင် ရောက်ရှိနေထိုင်ကြသူများ ရှိလာပြန်ရာ ထိုအရေးကို ဥပဒေနှင့်အညီနှစ်နိုင်ငံ စနစ်တကျ ကိုင်တွယ်ဖြေရှင်းကြရမည်ဖြစ်သည်။ နှစ်နိုင်ငံနယ်နိမိတ်သည် လူနေထိုင်ခွင့်မရှိသော နေရာဖြစ်သည်။ ထိုနယ်စပ်နယ်မြေတွင် ဝင်ရောက်နေထိုင်ခြင်းသည် ဥပဒေနှင့် ညီညွတ်မှုမရှိသဖြင့် နှစ်နိုင်ငံပူးပေါင်းဖြေရှင်းကြရမည်သာဖြစ်သည်။

 

ထိုနယ်စပ်တွင် နေထိုင်ခြင်းသည် မရိုးဖြောင့်သော သဘောဖြစ်သည်။ ဥပဒေအရ နေထိုင်ခွင့် မရှိသောနေရာသို့ ရောက်ရှိနေသူများကို အားပေးကူညီခြင်းသည် နှစ်နိုင်ငံသတ်မှတ်ထားသော ဥပဒေကို ဖောက်ဖျက်ခြင်းသာဖြစ်သည်။ အဆိုပါနေရာတွင် နေထိုင်ကြသူများသည် အခြားနေရာသို့ သွားရောက်ခြင်းမရှိသည့်အပြင် မမှန်ကန်သော သတင်းများကို ထုတ်လွှင့်လျက်ရှိသည်။ နိုင်ငံ နယ်နိမိတ်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်စဉ် ယင်းနေရာတွင် နေထိုင်သူများအား ဖယ်ရှား လာစေရန်၊ ထိန်းသိမ်းလာစေရန် တမင်ဖန်တီးထားခြင်း ဖြစ်သည်။ အကယ်၍ လုံခြုံရေးတပ်ဖွဲ့များက တားဆီးဖယ်ရှားမှု ပြုလုပ်ပါက နိုင်ငံတကာအသိုင်းအဝိုင်းမှတစ်ဆင့် ဖိအားပေးမှုများ ပြုလုပ်လာစေရန် ရည်ရွယ်ချက်ရှိရှိ တမင်ဖန်တီးနေခြင်းဖြစ်သည်။ နိုင်ငံတကာအဖွဲ့အစည်းအချို့က ယင်းနေရာတွင် နေထိုင်ကြသူများအား ရေရှည်နေနိုင်အောင် ထောက်ပံ့ကူညီပေးခြင်းသည် ပြဿနာများကို ပိုမိုရှုပ်ထွေးစေရန် နိုင်ငံရေးထောင်ချောက်ဆင်သည့်သဘော သက်ရောက်ပေသည်။

 

မည်သို့ပင်ဖြစ်စေ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသူများအား စနစ်တကျ ပြန်လည်လက်ခံရေး၊ နယ်စပ်မျဉ်းတွင် ဝင်ရောက်နေထိုင်သူများကိစ္စအား ဖြေရှင်းနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်းပြီး ဥပဒေနှင့်အညီ ဆောင်ရွက်သွားလိမ့်မည်ဟု ယုံကြည်ပါသည်။ တစ်ဆက်တည်းတွင် ရခိုင်ပြည်နယ်လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုး ခိုင်ခံ့ကောင်းမွန်ရေး၊ ရေပိုင်နက်နယ်နိမိတ်လုံခြုံရေး၊ နယ်စပ်ကင်းစခန်းများ ခိုင်မာစွာတည်ဆောက်ထားရေးတို့ကို အလေးထားဆောင်ရွက်ခြင်းဖြင့် တရားမဝင် ဝင်၊ထွက်သွားလာမှုနှင့် အကြမ်းဖက်သမားများ အန္တရာယ်တို့မှ ကာကွယ်နိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံ၏ အရေးပင်ဖြစ်ပြီးကောင်းမွေ၊ ဆိုးမွေ တို့သည် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်သဖြင့် မည်သည့်ကိစ္စတွင်မဆို တစ်နိုင်ငံလုံး၏ အရေးကဲ့သို့သဘောထားကာ သတိကြီးစွာထားပြီး အမြင်ကျယ်ကျယ်ဖြင့် ကိုင်တွယ် ဆောင်ရွက်ခြင်းမှာ လျော်ကန်သင့်မြတ်ပါကြောင်း။ ။