၂၈ ဒီဇင်ဘာ
မြန်မာနိုင်ငံအပေါ် အင်အားကြီးနိုင်ငံများနှင့် အဖွဲ့အစည်းများက စွပ်စွဲပြစ်တင်ခြင်း၊ အကျပ်ကိုင် ဖိအားပေးခြင်းတို့သည် ယခုကာလမှသာ ပေါ်ပေါက်လာသည်မဟုတ်၊ လွတ်လပ်ရေးမရမီ အစောပိုင်းကာလ မြန်မာနိုင်ငံတွင် ကိုလိုနီနယ်ချဲ့တို့ စတင် အခြေချလာသည့် အချိန်မှစ၍ ဖြစ်ပေါ်ခဲ့သည်။ အင်အားရှိသောအခါတွင် ဒူးထောက်ခစား၊ လက်ဆောင်များနှင့် အရိုအသေပြုဆက်ဆံကြပြီး အင်အားနည်းသောအခါတွင် မရိုမသေ မလေးမခန့်ဆက်ဆံကာ စွပ်စွဲပြစ်တင် အကျပ်ကိုင်ဖိအားပေးပြီး ကျူးကျော်နယ်ချဲ့ရေးအထိ စွက်ဖက်ခဲ့သည့် အစဉ်အလာများ မြန်မာ့သမိုင်းတွင် အထင်အရှားတွေ့နိုင်သည်။
မျက်မှောက်ကာလ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော အရေးကိစ္စများမှာလည်း ဤသို့ဤပုံဖြစ်သည်။ အကြိမ်ကြိမ်အခါခါ အနာတရဖြစ်စေခဲ့သော မြန်မာနိုင်ငံအဖို့ ဤအရေး ကိစ္စများနှင့်ပတ်သက်၍ အထူးအဆန်းပင် မဟုတ်ချင်တော့ပေ။ တစ်ခါလာလည်း မဲပြာပုဆိုး နှင့် အသံကောင်းဟစ်နေကြသည်မှာ ကိုယ့်အမျိုး၊ ကိုယ့်အကျိုးစီးပွား ရည်ရွယ်ချက်ကို ရှေးရှုနေသဖြင့် ခေတ်သစ်ကိုလိုနီဟုပင် ဆိုရမလိုဖြစ်သည်။
မိမိနိုင်ငံအတွင်း ပေါ်ပေါက်ခဲ့သည့်အရေးကိစ္စကို အကြောင်းပြု၍ ပြည်ပနိုင်ငံများ၏ စွပ်စွဲပြစ်တင်မှုအပေါ် အမိန့်ချမှတ်သည်မှာ သဘာဝမကျသဖြင့် လက်ခံနိုင်စရာ အကြောင်းမရှိချေ။ ၁၉၄၆ ခုနှစ် ဇွန်လ ၇ ရက်နေ့က ဘိလပ်ပါလီမန်တွင် ကွန်ဆာဗေးတစ် အမတ်နှင့် လေဘာအမတ်တို့က ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူ့ရဲဘော်တပ်ဖွဲ့အပေါ် စွပ်စွဲပြစ်တင် ပြောဆိုလိုက်ခြင်းအား ဗိုလ်ချုပ်အောင်ဆန်းက ဇွန်လ ၁၀ ရက်နေ့တွင် ဘိလပ်သို့ ကြေးနန်းရိုက်၍ ကန့်ကွက်သည်မှာ မှတ်သားစရာဖြစ်သည်။
“ပြည်သူ့ရဲဘော်တပ်ဖွဲ့သည် တစ်သီးပုဂ္ဂလမဟုတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်လိုက်များက နယ်ခြား၌ ခြိမ်းခြောက်ပြီး နိုင်ငံရေးအစည်းအဝေးများကို ဖျက်ပစ်သည်ဟူ၍ အမတ်ဂါးမင်း စွပ်စွဲချက်မှာလုံးဝမမှန်၊ ဘိလပ်ဆိုင်ရာ အာဏာပိုင်များ ကိုယ်တိုင်က မြန်မာပြည်တွင်ဖြစ်ပျက်နေသော အခြေအနေကို ‘ရဲလျှင်’ စုံစမ်းပါ”ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား ကန့်ကွက်ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ခေါင်းစဉ်ဖြင့် အဆိုဦးဆောင်တင်သွင်းပြီး ကုလသမဂ္ဂက ဆုံးဖြတ်ချက် ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကို မြန်မာနှင့်အတူ တရုတ်၊ ရုရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့အပြင် ဘီလာရုစ်၊ ဆီးရီးယားနှင့် ဇင်ဘာဘွေနိုင်ငံတို့က ကန့်ကွက်ခဲ့ကြသည်။
ယင်းဆုံးဖြတ်ချက်သည် မြန်မာအစိုးရအနေဖြင့် အကူအညီပေးရေးလုပ်သားများကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန်၊ ဒုက္ခသည်များအားလုံး နေရပ်ပြန်ရေးနှင့် ၎င်းတို့ကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးရေး တောင်းဆိုရန်ဖြစ်သည်။ ကုလသမဂ္ဂက နိုင်ငံတစ်နိုင်ငံအပေါ် ဆုံးဖြတ်သည်ဆိုသော်လည်း နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးဖြစ်၍ အတိအကျလိုက်နာရန် မလိုအပ်ချေ။ မဖြစ်မနေ လုပ်ဆောင်ရမည့် ဆုံးဖြတ်ချက်လည်း မဟုတ်ချေ။
ထိုကဲ့သို့သော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့်အရေးကို အကြောင်းပြု၍ စွပ်စွဲပြစ်တင်မှုများ၊ ဆုံးဖြတ်ချက်များ အကြိမ်ကြိမ်အခါခါ ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။ မည်သို့ပင် စွပ်စွဲပြစ်တင်မှုများ၊ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်ဖြစ်စေ မိမိတို့နိုင်ငံ၏အရေးကို မိမိတို့နိုင်ငံ၏ သတ်မှတ်ထားသော ဥပဒေဖြင့်သာ အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်၍ ကုလသမဂ္ဂအား လေးစားသောအားဖြင့် လုပ်သင့်လုပ်ထိုက်သည်များ၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ကုလသမဂ္ဂနှင့် လက်တွဲ လုပ်ဆောင်သွားမည်သာဖြစ်သည်။
သို့သော် ယခုအိုအိုင်စီနှင့် အပေါင်းပါနိုင်ငံများ၏ တွန်းအားဖြင့် ကုလသမဂ္ဂ၏ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ၊ ဥပဒေများနှင့် ကိုက်ညီခြင်းမရှိချေ။ သို့ဖြစ်ရာ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကိစ္စအဝဝတို့ကို မြန်မာနိုင်ငံအစိုးရက ကိုယ့်ခွန်ကိုယ့်အားဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်နေပြီဖြစ်ရာ လက်တွေ့တွင်လည်း အခြေအနေကောင်းများ ဖြစ်ထွန်းနေပြီ ဖြစ်သည်ကို စောင့်ကြည့်လေ့လာပြီးမှ သုံးသပ်ဖို့သာလိုပါကြောင်း။