နေပြည်တော် ဇွန် ၂၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇွန် ၂၁ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသားများအား ဗလငါးတန်နှင့် ပြည့်စုံရေး၊ ဆန်းစစ်လေ့လာ တွေးခေါ်မှု၊ ကျင့်ဝတ်လိုက်နာမှုနှင့် အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝစေ ရေးအတွက် ပျိုးထောင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် မန္တလေးငလျင်ကြီး ဒဏ်မခံရသော အဆောက်အအုံများနှင့် သာမန်အသေးစား ထိခိုက်မှု ဖြစ်ပေါ်ခဲ့သော အဆောက်အအုံများကို ပြုပြင်၍ သင်တန်းများ ဖွင့်လှစ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီးက ကျောင်းသားများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေး၍ နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမှန်တကယ်အားထားရသည့် လေကြောင်းနှင့် အာကာသဆိုင်ရာ အင်ဂျင်နီယာလူငယ်ကောင်းများ ဖြစ်စေရေး ရည်မှန်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် Aerospace Research Laboratory သို့ ရောက်ရှိပြီး ငလျင်ဘေးဒဏ်သင့် လေကြောင်းနှင့် အာကာသဆိုင်ရာပစ္စည်းများ ရွှေ့ပြောင်းထိန်းသိမ်းထားရှိမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်