နိုင်ငံအနာဂတ်အတွက် မျိုးဆက်ပျိုးထောင်

၂၀၂၃-၂၀၂၄ ခုနှစ် ပညာရေးစုံညီပွဲတော်ကို နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ ကျင်းပနေကြပြီဖြစ်သည်။ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတနှင့် ဉာဏ်ရည်ဉာဏ်သွေး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်အလိုက် ကျောင်းအသီးသီးတွင် သိုက်သိုက်ဝန်းဝန်း စည်စည်ကားကားကျင်းပနေကြသည်မှာ အားတက်စရာဖြစ်သည်။

 

ယနေ့ လူငယ်လူရွယ်များသည် အနာဂတ်တာဝန်များကို လက်ဆင့်ကမ်း ပြောင်းလဲထမ်းဆောင်ကြရမည့်် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်။ လူငယ် လူရွယ်များသည် ကိုယ်စွမ်းကိုယ်စနှင့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတိုးတက်သူ များဖြစ်သည်။ တီထွင်ဆန်းသစ်နိုင်စွမ်းရှိသူများဖြစ်ပြီး နိုးကြားတက်ကြွ အားမာနပြည့်ဝသူများဖြစ်သည်။ အဆိုပါလူငယ်များအား နည်းမှန်လမ်းမှန် စနစ်ကျနစွာဖြင့် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးပြီး မြှင့်တင်ဆောင်ရွက်ပေးလျှင် အနာဂတ်နိုင်ငံတော်အတွက် အားထားရမည့်သူများ ဖြစ်လာပေမည်။

 

နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကို ချမှတ်ထားရာဦးတည်ချက်နှင့်အညီ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ၏ အနာဂတ်ကို အားပေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသားအားကစားပြိုင်ပွဲများ၊ ပညာရေးစုံညီပွဲတော်များသည် အထောက်အပံ့ကောင်းများဖြစ်စေသည်။

 

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ၏အခန်းကဏ္ဍသည် အဓိကကျသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအား အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး မြှင့်တင်အားပေးဆောင်ရွက်ကြရမည် ဖြစ်သည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် လူငယ်လူရွယ်များအပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာများ၊ စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်များ ပြည့်စုံကြရန် လိုအပ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရေး လူငယ်များကို မြှင့်တင်ပေးသည့် လူမှုရေးဦးတည်ချက်ကို ချမှတ်ခဲ့သည်။ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံကျသောအုတ်မြစ်ဖြစ်သည်။ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကကျသည့် စွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ပညာရေးကဏ္ဍမှ လူငယ်လူရွယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည်မြင့်မားရေး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စည်းလုံးညီညွတ်ရေးတို့သည် အမျိုးသားရေးကိစ္စ၊ အမျိုးသားရေးအကျိုးစီးပွားဖြစ်ရာ အခြေခံကျသည့် လူငယ်လူရွယ်များကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

 

လူငယ်များသည် တက်ကြွလှုပ်ရှားသောအရွယ်၊ စူးစမ်းလေ့လာသောအရွယ်၊ ဖယောင်းကဲ့သို့ ပြောင်းလွယ်၊ ပြင်လွယ်သောအရွယ်ဖြစ်၍ လူငယ်များလမ်းမှားပေါ်သို့ မရောက်စေရေး၊ လမ်းမှန်ပေါ်သို့ ရောက်ရှိစေရေး ဝိုင်းဝန်းကြိုးပမ်း တည့်မတ်ပေးရမည်ဖြစ်သည်။ လူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာများကို သင်ယူလေ့လာကြပြီး နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်လာအောင်၊ အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို စဉ်းစားဝေဖန်ပိုင်းခြားနိုင် စွမ်းရှိအောင်၊ ဥပဒေနှင့်စည်းကမ်းများကို လေးစားလိုက်နာပြီး စွမ်းဆောင်ရည် မြင့်မားသည့် နိုင်ငံ့သားကောင်းများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ပညာသင်ကြားနေကြသည့် လူငယ်လူရွယ်များအား အသိပညာများ၊ အတတ်ပညာများ တတ်မြောက်အောင်မြင်ရေးသာမက အတွေးအခေါ်အယူအဆ၊ ဆင်ခြင်တုံတရားများပြည့်ဝပြီး ဘက်စုံထူးချွန်သော လူငယ်လူရွယ်များဖြစ်လာအောင် နည်းလမ်းအသွယ်သွယ်၊ ပွဲလမ်းအမျိုးမျိုးဖြင့်လည်း မြှင့်တင်ပေးကြ ရမည်ဖြစ်သည်။ သို့မှသာ ဗလငါးတန်နှင့်ပြည့်စုံပြီး စွမ်းဆောင်ရည်မြင့်မားသည့် မျိုးဆက်သစ်များအဖြစ် အနာဂတ်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်မြှင့်တင် ပေးနိုင်မည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ