လူငယ်များသည် နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များဖြစ်ရာ လူငယ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို မဖြစ်မနေပြုလုပ်ရန်လိုသည်။ လူငယ်များဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်တို့ မြင့်မားသည်နှင့်အမျှ နိုင်ငံ၏အနာဂတ်ကိုလည်း ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်မည် ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ်လုပ်နိုင်သော လူဦးရေ  အချိုးအစား ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေရာ လူဦးရေပညာရှင်များ၏ အဆိုအရ “လူဦးရေ ဆိုင်ရာဆုလာဘ်  ဖြစ်ပြီး ဆယ်စုနှစ် နှစ်စုအတွင်း အကျိုးရှိစွာ အသုံးချနိုင်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင် သည်ဟု သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ ချမှတ် ဆောင်ရွက်လျက်ရှိရာတွင် “နိုင်ငံ၏   ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းစဉ်များ၌  လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန်   လူငယ်ကဏ္ဍကို  မြှင့်တင် ဆောင်ရွက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်တစ်ရပ်လည်းပါဝင်သည်။ အဆိုပါ ဦးတည်ချက်နှင့် အညီ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအ‌ခေါ် မှန်ကန်စေရေး နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလငါးတန်ဖွံ့ဖြိုးရေးတို့အတွက်   လူငယ်ကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး    အစီအစဉ်များကို    အလေးထားအကောင် အထည်ဖော်လျက်ရှိသည်။

 

ကမ္ဘာ့လူဦးရေ၏ ၁၆ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုနေသည့် လူငယ်ထု၏အခြေအနေမှာ လူငယ်ဦးရေ အနည်းစုသည် လူ့အသိုင်းအဝိုင်းတွင် အကျိုးရှိစွာ ဝင်ဆံ့နိုင်ပြီး လိုအပ်သောသတင်းအချက်အလက်၊ ဗဟုသုတနှင့် ဝန်ဆောင်မှုများကို ရနေသော်လည်း လူငယ်အများစုမှာ ဆင်းရဲနွမ်းပါးမှု၊ ကျားမတန်းတူ မညီမျှမှု၊ နိမ့်ကျသော ပညာရေးအဆင့်အတန်းနှင့် ပညာရေး လက်လှမ်းမမီမှု၊ နိမ့်ကျသော ကျန်းမာရေး၊ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါနှင့် အိတ်ချ်အိုင်ဗွီအန္တရာယ်၊ အဆင်သင့်မဖြစ်မီ ကိုယ်ဝန်ဆောင်ရခြင်း၊ မသန်စွမ်းမှု၊ လုံခြုံမှုမရှိသော နေရာထိုင်ခင်း၊ အကြမ်းဖက်မှုများ၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ မူးယစ်ဆေးပြဿနာ၊ တန်းတူညီမျှမှုနှင့် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်မရရှိခြင်း စသော ပြဿနာအခက်အခဲများ နှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

 

နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းလာစေရန် ရည်မှန်း၍ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှုအရည်အသွေး၊ ပူးပေါင်းပါဝင်ရေး စသည်တို့တွင်သာတူညီမျှ ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ် များအဖြစ် ပျိုးထောင်ရာတွင် လူငယ်များပါဝင်ရန် လိုအပ်သည့် အလျောက် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားနှင့်အတူ လူငယ်ဖိုရမ်၊ လူငယ်လေ့လာရေး အစီအစဉ်နှင့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များကိုပါ အနှစ်သာရ ပြည့်ဝစွာ ကျင်းပသွားမည်ဟု သိရသည်။ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက် အနာဂတ်တွင် ဆောင်ရွက်သွားရမည့် ဦးစားပေး လုပ်ငန်းစဉ်များကို လူငယ်များကိုယ်တိုင် ဦးဆောင်ပါဝင် ဆွေးနွေးဖော်ထုတ်ကြမည့် လူငယ်ဖိုရမ်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများနှင့် အခြေခံပညာ ကျောင်းများမှ လူငယ်ကိုယ်စားလှယ်များ၊ မသန်စွမ်းလူငယ်များ၊ လူမှုရေးအဖွဲ့ အစည်းများမှ လူငယ်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက ကဏ္ဍမှ လူငယ်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းလူငယ်များ စသည်တို့အပါအဝင် နယ်ပယ်အသီးသီးမှ လူငယ်များ တက်ရောက်ကြမည်ဟုလည်း သိရသည်။

 

မိမိတို့ နိုင်ငံတွင် အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေ အချိုးအစား များပြားနေသည့် လူဦးရေဆုလာဘ်ကို ရရှိခဲ့သည်မှာ ဆယ်စုနှစ်တစ်စု ရှိခဲ့ပြီဖြစ်သည်။ လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်ကာ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မြင့်မားမှု စွမ်းအားဖြင့် နိုင်ငံ့အနာဂတ်ကို ကောင်းမွန်အောင် တည်ဆောက်ကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း