ရန်ကုန် ၁၉ ဇွန်
IKBZ အာမခံကုမ္ပဏီ၏ ခြောက်နှစ်ပြည့်အထိမ်းအမှတ် ပြည်သူလူထုအကျိုးပြုဆောင်ရွက်မှုအဖြစ် နိုင်ငံအနှံ့မှ နွမ်းပါးသော ကျောင်းသား ကျောင်းသူများ၏ ပညာရေးကဏ္ဍတွင် အထောက်အကူပြုနိုင် ရန် စက်ဘီးအစီး ၁၀ဝ၀ ကို ပြည်တွင်းပရဟိတအဖွဲ့တစ်ခုဖြစ်သည့် Lesswalk နှင့်ပူးပေါင်း၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
စက်ဘီးများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများနှင့် ကောင်းမွန်သည့် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းမရှိသော ကျေးလက်ဒေသများမှ ကျောင်းသား ကျောင်းသူများအား ဦးစားပေး၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ အချို့ကျေးလက်ဒေသများတွင် ကလေးများသည် ကျောင်းသို့ လမ်းလျှောက်သွားရန် အချိန်တစ်နာရီနှင့်အထက် ကြာမြင့်ရာ ထိုကလေးများသည် စက်ဘီးရှိပါက အချိန်ပိုများ ရရှိလာမည်ဖြစ်၍ ကျောင်းစာသင်ယူလေ့လာရန် အချိန်ပို၍ရရှိစေမည်ဖြစ်ကြောင်း၊
အချို့ဒေသများတွင် ကျောင်းနှင့်အိမ်အလှမ်းဝေးသဖြင့် ကျောင်းထွက်လိုက်ရသည့် ကလေးများလည်း ရှိရာ ယခုကဲ့သို့လှူဒါန်းခြင်းကြောင့် ကျောင်းထွက်ရသည့်နှုန်းကိုလည်း လျော့ကျစေရန်ရည်ရွယ်ကြောင်း IKBZ အာမခံကုမ္ပဏီ ဒုတိယဥက္ကဌ ဦးညိုမြင့်က ပြောကြားသည်။
IKBZ နှင့် ပူးပေါင်း၍ စက်ဘီးများလှူဒါန်းသည့် Lesswalk အဖွဲ့အနေဖြင့် ပြည်တွင်းမှ ကျောင်းသား ကျောင်းသူများအား စက်ဘီးများလှူဒါန်းနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာ စုစုပေါင်းစက်ဘီးအစီးရေ တစ်သောင်းအထိကို ပြည်တွင်းမှ အလှူရှင်များနှင့် ပူးပေါင်း၍ လှူဒါန်းပေးသွားနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ယခု IKBZ နှင့် Lesswalk တို့ ပူးပေါင်း၍ စက်ဘီးအစီးရေတစ်ထောင် လှူဒါန်းခြင်း မှာ ပထဆုံးအကြိမ် ပူးပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း၊ စက်ဘီးအစီးရေ တစ်သောင်းအထိ လှူဒါန်းပေးနိုင်ရန် အစီအစဉ်များရှိပြီး နိုင်ငံတကာမှ အလှူရှင်များ၏ ပံ့ပိုးမှုများအရ အစီးရေ တစ်သောင်းထက်လည်း ပို၍လှူဒါန်းနိုင်ရန် အစီအစဉ်ရှိကြောင်း Lesswalk တည်ထောင်သူ ဦးမိုက်ခ်သန်းထွန်းဝင်း၏ ပြောကြားချက်အရ သိရသည်။
လှူဒါန်းမည့် စက်ဘီးများကို နိုင်ငံအနှံ့ တိုင်းနှင့် ပြည်နယ်အသီးသီးမှ ဆရာ ဆရာမများ၏ အကြံပြု တောင်းဆိုချက်များနှင့် Lesswalk အဖွဲ့၏ ကွင်းဆင်းလေ့လာချက်များအပေါ် အခြေခံကာ အမှန်တကယ် ဆင်းရဲနွမ်းပါးပြီး ကျောင်းနှင့်အိမ် အလှမ်းဝေးသော ကျောင်းသား ကျောင်းသူများအား ဦးစားပေး၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သူရဖြိုး