မကောင်းမှုများ၊ ဒုစရိုက်မှုများအား ပိုမိုဖြစ်ပေါ်စေသည့်၊ ပိုမိုအားကောင်းစေသည့် အကြောင်းအမျိုးမျိုးတို့တွင် မူးယစ်ဆေးဝါး (စိတ်ကြွဆေး)နှင့် အရက်သေစာတို့ ပါဝင်သည်။ မျက်မှောက်ကာလ၌ နိုင်ငံအနှံ့တွင် ဖြစ်ပွားခဲ့သော စိတ်မချမ်းမြေ့ဖွယ်ပြစ်မှုများကို ကြည့်မည်ဆိုလျှင် များသောအားဖြင့် မူးယစ်ဆေးနှင့် သေရည်အရက် သုံးစွဲခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။

 

မူးယစ်အနွယ်ဝင်တို့ကို ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ အရက်သေမျိုးငါးပါးဟု ဆိုထားပါသည်။ ဘိန်းအနွယ်ဖြစ်စေ၊ အရက်အနွယ်ဖြစ်စေ မူးယစ်စေပြီး စိတ်ကြွခြင်း၊ စိတ်ကျခြင်းကို ဖြစ်စေပါသည်။ မည်သည့်အမျိုးအနွယ်ဖြစ်စေ ကာယကံရှင်ကိုယ်တိုင်နှင့် လူသားများ၊ လူမှုဘဝ၊ လူ့ပတ်ဝန်းကျင်တို့ကို ကြီးစွာထိခိုက်နစ်နာမှု ဖြစ်စေနိုင်သဖြင့် ဥပဒေနှင့်အညီ ထိထိရောက်ရောက် ကိုင်တွယ်ရမည်ဖြစ်သည်။

 

မူးယစ်အနွယ် နှစ်မျိုးနှစ်စားတွင် ပြဋ္ဌာန်းထားသောဥပဒေအရ မူးယစ်ဆေးဝါးအမျိုးမျိုးတို့ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကား သုံးစွဲခြင်း လုံးဝပြုလုပ်၍မရဘဲ ပြုလုပ်ပါက ထိရောက်စွာ အရေးယူခြင်း ခံရပါသည်။ မူးယစ်အနွယ် အရက်သေစာ အဖျော်ယမကာများကိုမူ လက်ရှိအခြေအနေတွင် ပြဋ္ဌာန်းထားသော ယစ်မျိုးဥပဒေအရ ထုတ်လုပ်ခွင့်၊ ရောင်းဝယ်ဖောက်ကားခွင့်ရှိပြီး မည်သူမဆို လွတ်လပ်စွာ သောက်သုံးခွင့်ရှိနေပါသည်။

 

ထုတ်လုပ်မှုအပိုင်းတွင် တရားဝင်လိုင်စင်၊ ရောင်းချမှုအပိုင်းတွင် တရားဝင်လိုင်စင်များကို ယစ်မျိုးဥပဒေနှင့်အညီ ချထားပေးပြီး တရားမဝင်ထုတ်လုပ်ရောင်းချမှုများလည်း ရှိနေပါသည်။ ထိုသို့တရားဝင်၊ တရားမဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ နိုင်ငံအနှံ့တွင်ရှိနေသဖြင့် တရားဝင်လွတ်လပ်စွာ သောက်သုံးမှုများ တိုးတက်များပြားနေပြီး လူမှုဘဝထိခိုက်နစ်နာမှုများ ကြီးမားလာပါသည်။

 

ယစ်မျိုးဥပဒေတွင် ထုတ်လုပ်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို တိကျစွာပြဋ္ဌာန်းထားသော်လည်း စစ်ဆေးအရေးယူမှုအပိုင်းတွင် အားနည်းသည်ဟု ဆိုချင်ပါသည်။ စည်းကမ်းရှိသောနိုင်ငံ၊ တရားဥပဒေစိုးမိုးမှုအားကောင်းသောနိုင်ငံ တည်ဆောက်ရာတွင် အဆိုပါဥပဒေ၏ လိုအပ်ချက်များကို အများပြည်သူ၏ဆန္ဒဖြင့်ပြင်ဆင်စရာများ များစွာရှိမည်ဖြစ်သည်။

 

မျက်မှောက်ကာလတွင် မြို့နယ်များ၌ အရက်လိုင်စင်(ဃ)ကိုမြောက်မြားစွာ ခွင့်ပြုချထားခြင်းကြောင့် ဒေသအနှံ့၊ ကျေးရွာအနှံ့ အရက်ဆိုင်များ ပေါများနေသည်ကို တွေ့ရှိရပါသည်။ လိုင်စင်(ဃ)အရ ရောင်းချ သလို လိုင်စင်မဲ့များမှာလည်း လက်လီလက်ကား တွင်ကျယ်စွာ ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ 

 

တန်ဖိုးနည်းအရက်များသည် အရည်အသွေး ပြည့်ဝမှုမရှိဘဲ လူကိုအန္တရာယ်ရှိနိုင်သည့်အတွက် သောက်သုံးသူအများစုမှာ အရက်ကြောင့် စိတ်ပေါ့သွပ်ခြင်း၊ အချိန်မတိုင်မီသေဆုံးခြင်းအပြင် အရက်ကြောင့် ယာဉ်တိုက်မှုများဖြစ်ပေါ် ခြင်း၊ ရပ်ရွာများ၏ သာရေး၊ နာရေးကိစ္စများတွင် အရက်မပါလျှင်မပြီးသည့် အနေအထားရှိနေ ခြင်းနှင့် ရာဇဝတ်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

 

ထို့ကြောင့် မြို့နယ်များတွင် အရက်လိုင်စင်(ဃ)ကို ဥပဒေနှင့်အညီ ခွင့်ပြုချထားပေးခြင်း၊ အရက်ဆိုင်ဖွင့်လှစ်ရောင်းချရာ၌ ဥပဒေအရ လိုက်နာဆောင်ရွက်ခြင်း၊ ဥပဒေပြဋ္ဌာန်းချက်အတိုင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိသောဆိုင်များအား အရေးယူခြင်း၊ တရားမဝင်အရက်ရောင်းသည့်ဆိုင်များအား အရေးယူခြင်း၊ အရည်အသွေးစံနှုန်းများအား ထိရောက်စွာစစ်ဆေးခြင်း၊ အရည်အသွေးမမီသောအရက်များ ရောင်းချပါက ထိရောက်စွာ အရေးယူခြင်းတို့ကို ပိုမိုတိုးမြှင့်ဆောင်ရွက်သင့်ပါသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထိရောက်စွာဖြင့် အလေးထားတိုက်ဖျက်နေသော်လည်း မူးယစ်အနွယ်ဝင်လူမှုပတ်ဝန်းကျင်နှင့် သောက်သုံးသူတို့၏ ကျန်းမာရေးကို ထိခိုက်မှုဖြစ်စေ သော အရက်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းတို့ကိုလည်း ယစ်မျိုးဥပဒေနှင့်အညီ ထိရောက်မှုရှိစေလိုပါကြောင်း။ 

 

ကြေးမုံ