နေပြည်တော် ၂၉ ဩဂုတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက ကျေးငှက်များ သဘာဝအလျောက် လွတ်လပ်အန္တရာယ်ကင်းစွာ နေထိုင်ကျက်စား အသက်ရှင်ရပ်တည်နိုင်ရေး၊ သဘာဝပတ်ဝန်း ကျင် ဂေဟစနစ်ကောင်းမွန်စေရေး၊ ကျေးငှက်များကို အဆိပ်ချဖမ်းဆီးမှုများ မပြုလုပ်နိုင်ရေး၊ နိုင်ငံအတွင်းရှိ ရေကန်၊ ရေအိုင်၊ အင်းများသို့ အဆိပ်သင့် ရေဆိုးများ မဝင်လာစေရေးတို့အတွက် လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ငှက်မျိုးစိတ်များထိန်းသိမ်းကာကွယ်ရေး အတွက် မူဝါဒနှင့် ဥပဒေများကို ပြင်ဆင်ရေးဆွဲ ကျင့်သုံးခြင်း၊ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာ အသိအမှတ်ပြုထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ခြင်း၊ ထိန်းသိမ်းကာကွယ်မှုအစီအမံများ ရေးဆွဲခြင်းနှင့် ထိန်းသိမ်းကာကွယ်မှု မြှင့်တင်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငှက်များ အဓိက ကျက်စားရာနယ်မြေဖြစ်သည့် ရေဝပ်ဒေသများတွင် ထိန်းသိမ်းကာကွယ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးရှိစွာ အသုံးချခြင်းတို့ကို မြှင့်တင်နိုင်ခြင်းအတွက် မိုးယွန်းကြီး အင်းဘေးမဲ့တော၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ မုတ္တမ ပင်လယ်ကွေ့ဒေသ (မွန်ပြည်နယ်အပိုင်း)နှင့် အင်းလေးကန်စသည့် နယ်မြေ(၅)ခုကို ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း။

ထို့အပြင် ဆောင်းခိုငှက်မျိုးစိတ်များ ထိန်းသိမ်းကာကွယ်ရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ငှက်ပျံသန်းရာ လမ်းကြောင်းပေါ်ရှိသည့် ရေဝပ်ဒေသ ကျက်စားနယ်မြေများတွင် ထိန်းသိမ်းကာကွယ်မှုနှင့် သိမြင်နိုးကြားမှု တို့ကိုမြှင့်တင်နိုင်ရန် Flyway Network Site များအဖြစ် မိုးယွန်းကြီးအင်းဘေးမဲ့တော၊ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့၊ မိန်းမလှကျွန်းဘေးမဲ့တောနှင့် နံ့သာကျွန်းတို့ကို သတ်မှတ်ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီးတော့မှ ငှက်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ငှက်များသတ်ဖြတ်ခံရခြင်း၏ အဓိကအကြောင်းအရင်းအနေဖြင့် အခြေခံစားဝတ် နေရေးအတွက် သတ်ဖြတ်ရောင်းချခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပြီး ဥပဒေဖြင့် ထိန်းကျောင်းခြင်း တစ်ခုတည်းဖြင့် ဆောင်းခိုငှက်များသတ်ဖြတ်ခံရမှုကို တားဆီးရန် ခက်ခဲမည်ဖြစ်၍ ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ဒေသခံပြည်သူများ၏ ဝင်ငွေနှင့် အလုပ်အကိုင် တိုးပွားစေမည့် ဒေသခံအခြေပြုသဘာဝ အခြေခံခရီးသွားလုပ်ငန်းကို မိုးယွန်းကြီးအင်းဘေးမဲ့ တော၊ မိန်းမလှကျွန်းနှင့် အင်းတော်ကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတို့တွင် အကောင်အထည်ဖော် ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ်ဖြင့် ငှက်အပါအဝင် တောရိုင်းတိရစ္ဆာန်များအား တရားမဝင်သတ်ဖြတ်ခြင်း၊ သယ်ဆောင်ခြင်းနှင့် ရောင်းဝယ်ခြင်းတို့ကို လျော့နည်းပပျောက်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပဲခူးတိုင်းဒေသကြီး၊ မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ဘီလားတောင်ပိုက်များကြောင့် ငှက်မျိုးစိတ်များ သေဆုံးခြင်းကြောင့် Wildlife Mobile ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပြီး ဆက်စပ်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကင်းလှည့်ခြင်း၊ လူထုအသိပညာပေးခြင်းနှင့် ပိုစတာများရိုက်ကပ်ခြင်းတို့ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်ခဲ့ပါကြောင်း။

၂၀၁၉ ခုနှစ် မတ်လအတွင်း ရေပျော်ငှက်များ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ရောင်းဝယ် ခြင်းမပြုလုပ်ကြရန် အသိပညာပေးဆိုင်းဘုတ် (၆) ခုအား မိတ္ထီလာကန်ပေါင်နှင့် မြောက်ကန်ရှိ လူအများဖြတ်သန်းသွားလာသည့်နေရာတွေမှာ စိုက်ထူခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။

တရားမဝင်ရွှေထုတ်လုပ်မှုကြောင့် အင်းတော်ကြီးကန်အတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အခြေအနေကို ကွင်းဆင်းလေ့လာမှုများ ပြုထားပြီးဖြစ်ပြီး တရားမဝင်ရွှေတူးဖော်မှုများ ပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အပြင် အနည်အနှစ်များ ကန်အတွင်းသို့ စီးဝင်မှု တားဆီးနိုင်ရေးအတွက်လည်း နုန်းတားဆည်များ တည်ဆောက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငှက်မျိုးစိတ်များ ကျက်စားသည့် အဓိကနေရာဖြစ်သည့် အင်းလေးကန်နှင့် အင်းတော်ကြီးကန် တို့မှ ရေနမူနာများကိုလည်း စုဆောင်း၍ သစ်တောဦးစီးဌာနအောက်ရှိ ရေဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုကို ပြုလုပ်လျက်ရှိပါကြောင်း၊ ထို့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကြောင့် ရေဝပ်ဒေသများ၏ အဆင့်အတန်း မကျဆင်းစေရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးထုတ်လွှတ်မှုလမ်းညွှန်ချက်တို့ကို လိုက်နာဆောင်ရွက်ရေး ကြပ်မတ်လျက် ရှိပါကြောင်း၊ ဌာနေငှက်များနှင့် ဆောင်းခိုငှက်များသည် သစ်တောဦးစီးဌာနမှ စီမံခန့်ခွဲခွင့်ရှိသည့် သဘာဝထိန်းသိမ်းရေး နယ်မြေများအပြင် နေရာအနှံ့ ကျရောက်ခြင်းဖြစ်၍ ဆောင်းခိုငှက် ထိန်းသိမ်းကာကွယ်ရေးတွင် ပြည်သူအားလုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုပါကြောင်း။

သုတေသနပြု ဆန်းစစ်မှုများကို လက်ရှိဝန်ထမ်းများ၏ကျွမ်းကျင်မှုအခြေအနေ၊ ဝန်ထမ်း အင်အားနှင့် ရန်ပုံငွေအခြေအနေအရ ဌာနမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တက္ကသိုလ်များ၊ သုတေသန အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး သုတေသနလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ထိန်းသိမ်းကာကွယ်မှု အစီအမံများရေးဆွဲခြင်းနှင့် ထိန်းသိမ်း ကာကွယ်မှုမြှင့်တင်ခြင်းတို့ဖြင့် ငှက်မျိုးစိတ် ထိန်းသိမ်းရေးကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆောင်းခိုငှက်များ၎င်းတို့၏ မူလနေရာသို့ ဘေးကင်းစွာပြန်သွားနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဆိုပါက ပိုမိုအောင်မြင်မည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

MDN