နိုင်ငံ့စီးပွား လယ်ယာကဏ္ဍကိုအားထား

မြန်မာနိုင်ငံတွင် ယခုအခါ လယ်ယာကဏ္ဍပို့ကုန် တိုးတက်မြင့်မားလာ သဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်  အလားအလာကောင်းများ ရှိလာသည်။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကအားထား သော နိုင်ငံဖြစ်သည်နှင့်အညီ ယခုကဲ့သို့ စိုက်ပျိုးရာသီရောက်လာသည့်အခါတွင် ပြည်ပပို့ကုန် တိုးတက်ရေး၊ အဆင့်အတန်းမီရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များတွင် ဆန်နှင့်ပဲမျိုးစုံ လယ်ယာထွက်ကုန်များမှာ နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးနေသည်ဖြစ်၍ နိုင်ငံတော်လည်းအကျိုးရှိ၊ တောင်သူလယ်သမားများလည်း စီးပွားဖြစ်ထွန်းအောင်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ တောင်သူလယ်သမား များမှာ  ကုန်ထုတ်လုပ်သူများဖြစ်၍  အရည်အသွေးမီထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်အောင် ဝိုင်းဝန်းကူညီပေးပြီး ဈေးကွက်ကောင်းမွန်ရေးနှင့် ပြည်ပပို့ကုန် တိုးချဲ့တင်ပို့နိုင်ရေးတို့ကို သက်ဆိုင်ရာအဖွဲ့အစည်း များက မြှင့်တင်ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်

မြန်မာနိုင်ငံ၏ အဓိကပို့ကုန် ဆန်တင်ပို့မှုတွင် နယ်စပ်မှတစ်ဆင့်တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိရာ   နှစ်စဉ် ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ပြီး  ပင်လယ်ရေကြောင်းမှ  ဆန်တန်ချိန်  တစ်သိန်း  တင်ပို့ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာဈေးကွက်တွင် မြန်မာနိုင်ငံ၏ ဆန်ဈေးကွက်ဝေစုရရှိရေးနှင့် ကမ္ဘ့ာ့ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် သဘော တူလက်မှတ်ရေးထိုးရေးကို ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အာဖရိက နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

နိုင်ငံတကာသို့ဆန်တင်ပို့ရာ တွင် အရည်အသွေးမီပြီး ဘေးအန္တရာယ်ကင်းစင်ရေးမှာ အရေးကြီးသဖြင့် ကုန်ပစ္စည်းအရည်အသွေး ကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်မှုထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့နှင့် မြန်မာ နိုင်ငံမှအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မကြာသေးမီက အိုင်ဗရီကို့စ်နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် စားသုံးရန်မသင့်၍ဖျက်ဆီးခဲ့သည့်ဖြစ်ရပ်မျိုးမဖြစ်ပွားအောင် အလေးထားဆောင်ရွက်နေသည်။ သို့မှသာ ပြည်ပသို့ဆန်တင်ပို့မှု  စနစ်တကျဖြစ်ပြီး  ပြည်ပသို့တင်ပို့သည့်  မြန်မာ့ဆန်ဈေးကွက် ထိခိုက်မှုမရှိဘဲ တိုးတက်လာမည်ဖြစ်သည်။

မြန်မာ့လယ်ယာထွက်ကုန်များတွင် နိုင်ငံခြားငွေအများဆုံးရှာဖွေပေးသော ပဲမျိုးစုံဈေးကွက်မှာလည်း ပြန်လည်ဦးမော့လာသည်။ ပဲမျိုးစုံကိုအိန္ဒိယနိုင်ငံမှ အများဆုံးဝယ်ယူပြီး ပြီးခဲ့သည့်နှစ်က ယင်းနိုင်ငံ၏မူဝါဒအရ ပဲမျိုးစုံဈေးကွက်ရပ်တန့်ပြီး ပဲစိုက်တောင်သူများ အထိနာခဲ့ရသည်။ ယခုအခါ သက်ဆိုင်ရာဝန်ကြီးဌာန၏         ကြိုးပမ်းဆောင်ရွက်မှုကြောင့်ပဲတင်သွင်းခွင့် ခွဲတမ်းများပြန်လည်ရရှိလာသည်။ ပြီးခဲ့သည့်လက အိန္ဒိယ နိုင်ငံအစိုးရက ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၅ သိန်း၊ မတ်ပဲတန်ချိန် ၁ ဒသမ ၅  သိန်း၊  ပဲစင်းငုံတန်ချိန် နှစ်သိန်း၊  ပဲလုံးတန်ချိန်  ၁  ဒသမ  ၅  သိန်း တင်သွင်းခွင့်ပြုခဲ့သည်။

ထိုကဲ့သို့ အလားအလာကောင်းများ ရရှိလာသောကြောင့် လက်ရှိအချိန်တွင် ပြည်တွင်း မတ်ပဲဈေးနှုန်းမှာ တစ်တန်လျှင် ကျပ် ကိုးသိန်းခန့်နှင့် ပဲစင်းငုံတစ်တန်လျှင် ငွေကျပ် ၁၀ သိန်းခန့်ဖြစ်ပေါ်နေပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် ထိုက်သင့်သောအကျိုးအမြတ်များရရှိနေပြီဖြစ်ရာ အရည်အသွေးပြည့်မီသော ဆန်စပါးစိုက်ပျိုးရေးနှင့်ပဲမျိုးစုံစိုက်ပျိုးရေးကို အလေးထားစိုက်ပျိုးထုတ်လုပ်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ  နိုင်ငံတော် နိုင်ငံခြားငွေရရှိရေးနှင့် တောင်သူလယ်သမား များ လူမှုစီးပွားမြင့်မားတိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အလားအလာကောင်းများ ပေါ်ထွန်းလာပြီဖြစ်၍ မြန်မာနိုင်ငံ၏အဓိက ပို့ကုန်ဖြစ်သည့် လယ်ယာထွက်ကုန် ဆန်စပါးနှင့် ပဲမျိုးစုံတို့ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်  တောင်သူလယ်သမားများ အစဉ်အမြဲထိတွေ့လက်တွဲလျက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။      ။

ကြေးမုံ