စစ်တွေ စက်တင်ဘာ ၂၁

 

နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ရခိုင်ပြည်နယ်အတွက် ငွေကျပ် ၁၀ ဘီလီယံ ခွင့်ပြုချထားပေးသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများကို သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယနေ့အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ ထောက်ပံ့ပေးသော ငွေကျပ် ၁၀ ဘီလီယံကို ပြည်နယ်အတွင်း စီးပွားရေးကဏ္ဍမှာ ထည့်သွင်းလည်ပတ်နိုင်မည်ဆိုလျှင် ပြည်နယ်၏ ငွေစီးဆင်းမှုပမာဏ ၁၀ ဘီလီယံ များပြားလာမှာ ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မြန် အကောင်အထည်ဖော်ပေးကြရန် မှာကြားလိုကြောင်း၊ ယနေ့အစည်းအဝေးတွင် ငွေကျပ် ၁၀ ဘီလီယံနှင့်ပတ်သက်ပြီး ကဏ္ဍအလိုက် ခွဲဝေအသုံးပြုမည့် အစီအစဉ်များ လျာထားတင်ပြခြင်း၊ လုပ်ငန်းကဏ္ဍအလိုက် ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းရန်လျာထားတင်ပြခြင်းနှင့် လုပ်ငန်းတာဝန်များ လျာထားသတ်မှတ်တင်ပြခြင်းတို့ကို ရုံးအဖွဲ့မှ မူကြမ်းအဖြစ်တင်ပြသွားမှဖြစ်ပြီး ၎င်းတင်ပြချက်များကို မိမိအနေဖြင့် ပဏာမအတည်ပြုထားရှိကြောင်း၊ ပြည်နယ်အဆင့် ကော်မတီများအနေဖြင့် ကော်မတီအလိုက် လုပ်ငန်းတာဝန် လျာထားချက်များအား ဝိုင်းဝန်အကြံပြု ဆွေးနွေးပေးရန်နှင့် ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြရမည့် SOP အား မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိအောင် အမြန်ရေးဆွဲပြီး ပြန်လည်တင်ပြစေလိုကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ပိုမိုကောင်းမွန်သည့် အပြုသဘောဆောင်သော အကြံပြုချက်များပေးကြရန် ပြောကြားသည်။

 

mdn

 

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ သုံးစွဲရေးဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

 

ဆက်လက်၍ တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ သုံးစွဲရေး လုပ်ငန်းနှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)