နေပြည်တော် ဒီဇင်ဘာ ၁၂
စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦးရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ငွေအဖြစ် ထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို ဒီဇင်ဘာ(၁၁)ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ကနဦးရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ဖြည့်ဆည်းပေးခြင်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများနှင့် မွေးမြူရေးလုပ်ငန်း ကွင်းဆက်တစ်လျောက် ဆက်စပ်လုပ်ကိုင် သူများပါ အကျိုးအမြတ် ပိုမိုရရှိစေရန် ၊ ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေး ပြည့်ထုတ် ကုန်များ ပမာဏ ပိုမိုထုတ်လုပ်နိုင်စေရန်နိုင်ငံတော်က ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်၍ မွေးမြူရေးကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် သက်ဆိုင်သူအားလုံးတို့က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်၊၊
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း စဉ်အဆင့်ဆင့် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ ငွေကို အသေးစား၊ အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံ ချက်ကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးပြီး၊ တိရစ္ဆာန်ကူးစက်ရောဂါများ ဖြစ်ပွားကျရောက်မှု မရှိစေရေးအတွက် ဇီဝလုံခြုံမှုဆိုင်ရာ အစီအမံများ ချမှတ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်