၂၉ စက်တင်ဘာ
ခရီးသွားခြင်းကို လူသားအားလုံး နှစ်သက်ကြသည်။ ခရီးသွားခြင်းဖြင့်ပျော်ရွှင်ခြင်း၊ စိတ်အပန်းပြေခြင်း၊ စိတ်နှလုံးချမ်းမြေ့လန်းဆန်းသဖြင့်ကျန်းမာရွှင်လန်းခြင်း စသည့်ကောင်းကျိုးများအပြင် အသိအမြင်ဗဟုသုတများခြင်း၊ ခံစားမှုအသစ်၊ အတွေ့အကြုံအသစ်၊ ပညာအသစ်များရရှိခြင်း စသည့်အကျိုးများရှိပါသည်။ ခရီးသွားခြင်းသည် ငွေကုန်ကြေးကျများသည်ဆိုသော်လည်း လူတစ်ဦးချင်းအလိုက် နှစ်သက်ဖွယ်ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိပြည်သူများ စဉ်ဆက်မပြတ် ခရီးထွက်ကြပါသည်။
ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီး နိုင်ငံအားလုံးအနေဖြင့် ခရီးသွားလုပ်ငန်းကို အလေးထားဦးစားပေးဆောင်ရွက်ကြသည်မှာ ခရီးသွားလုပ်ငန်းမှ အကျိုးအမြတ်များ ပေါ့ပေါ့ပါးပါး ရနေသောကြောင့်ဖြစ်သည်။ခရီးသွားလုပ်ငန်းမှ နိုင်ငံ့စီးပွားမြင့်မားအောင် ဆောင်ရွက်နိုင်သလိုပုဂ္ဂလိကကဏ္ဍ၊ ပြည်သူများကဏ္ဍမှလည်း အကျိုးစီးပွား ဖြစ်ထွန်းအောင်ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်း၌ ခရီးသွားလုပ်ငန်းများတစ်နှစ်ထက်တစ်နှစ် တိုးတက်မြင့်မားနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံးသို့ သွားလာကြသော ခရီးသွားအရေအတွက်မှာ ၁၃၂၃ သန်းခန့်ရှိပြီး ယခင်နှစ်များထက် တိုးတက်လာသည်ဟု သိရသည်။ ဥရောပနှင့် အာဖရိကတိုက်သို့ ကမ္ဘာလှည့်ခရီးသည် အများဆုံးသွားရောက်သည်။ ယမန်နှစ် ခရီးသွားလုပ်ငန်းမှဝင်ငွေမှာအမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ထရီလီယံ ရှိပြီး ကမ္ဘာ့ပို့ကုန်ကဏ္ဍ၏ခုနစ်ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုမှာ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄ သန်းရှိပြီး မျှော်မှန်းထားသည့် ဦးရေငါးသန်းသို့ ရောက်ရှိရန် လိုအပ်ချက်များစွာရှိနေသည်ဟု သိရသည်။
ထို့ကြောင့် ခရီးသွားကဏ္ဍမြင့်မားတိုးတက်ရေးအတွက် လတ်တလောတွင် ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ ခရီးသွားကဏ္ဍမှ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများက နိုင်ငံစီးပွား ခရီးသွားဖြင့် ကြိုးပမ်းတိုးမြှင့်ကမ္ဘာအဆင့် ခေါင်းစဉ်ဖြင့် စီးပွားရေးစကားဝိုင်းကျင်းပကာ အဖြေရှာလျက်ရှိသည်။ ထိုအချိန်တွင် ၂၀၁၈ ခုနှစ်အတွက်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကျင်းပခဲ့ရာ ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြောင်းလဲစို့ ဆောင်ပုဒ်နှင့်အညီ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့ကြသည်။
မျက်မှောက်ကာလ ခရီးသွားလုပ်ငန်း တိုးမြှင့်ရေးတွင် ဒစ်ဂျစ်တယ်နည်းပညာသည် အထူးအရေးပါ အရာရောက်သော ပညာရပ်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင် တိုးတက်ဖော်ဆောင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလုပ်ငန်းများ တိုးတက်မြင့်မားလာသည်။ ခရီးသွားလုပ်ငန်း မြင့်မားအောင် ဒီဂျစ်တယ်နည်းပညာဖြင့်ဆောင်ရွက်သဖြင့် ခရီးသွားလုပ်ငန်းအပေါ် စိတ်ဝင်စားမှုမြင့်မားလာအောင် ဆွဲဆောင်နိုင်သည့်အပြင် ခရီးသွားဝန်ဆောင်မှုများကိုဒစ်ဂျစ်တယ်နည်းပညာဖြင့် အဆင့်မြှင့်တင် ဖန်တီးဖော်ဆောင်ကြသည်။ ခရီးသွားလုပ်ငန်းတွင် ဝန်ဆောင်မှုနည်းပညာမှာ အထူးအရေးပါပြီး မြန်မာနိုင်ငံအတွက် ထိုနည်းပညာတိုးတက်လာအောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာဆိုသည်နှင့် ခရီးသွားများ စိတ်ဝင်စားမှုမြင့်တက်လာစေရန် ဝန်ဆောင်မှုအပိုင်းတွင်သာမကသတင်းအချက်အလက်အပိုင်းမှ ထုတ်ပြန်အသိပေးမှုများသည် အထူးအရေးပါပြီး အကျိုးသက်ရောက်မှုရှိပေသည်။ မြန်မာနိုင်ငံအနေဖြင့်လက်ရှိတွင် တည်ငြိမ်အေးချမ်းမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်လာရောက်လည်ပတ်နိုင်ကြောင်း သတင်းကောင်းများကိုဖော်ထုတ်ရေးတွင် မကောင်းသတင်းများမှာ လိုသည်ထက်ပို၍ ပျံ့နှံ့နေခြင်းကြောင့်ခရီးသွားပုံရိပ်ကို ထိခိုက်ကျဆင်းစေနိုင်သည်။
သို့ဖြစ်ရာ ခရီးသွားလုပ်ငန်း မြင့်မားတိုးတက်လာရေးအတွက်ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြောင်းလဲနိုင်ရန် ကြိုးပမ်းဖော်ဆောင်ရာ၌နည်းပညာဖြင့် ဝန်ဆောင်မှုလုပ်ငန်းများကို မြှင့်တင်ပေးရန်လိုအပ်သကဲ့သို့ ကောင်းသတင်းများကိုဆောင်ကြဉ်း၍ မြန်မာနိုင်ငံ၏အခင်းအကျင်းကိုမြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ကြေးမုံ