ဒေါက်တာမော်နီစိုးထက်

မြန်မာနိုင်ငံတွင် ဆန်ကို ထမင်းအဖြစ် ချက်ပြုတ်စားသုံးသည့်အပြင် မြန်မာ့ရိုးရာအချိုပွဲများတည်ခင်းရာတွင် မုန့်မျိုးစုံကို ခုံခုံမင်မင်ပြုလုပ်၍လည်း စားသုံးကြပါသည်။ မြန်မာနိုင်ငံသည် ဆန်ထွက်ကောင်းသော နိုင်ငံဖြစ်သည့်အလျောက် ဆန်နှင့် ကောက်ညှင်းအခြေခံထား၍ အုန်း၊ သကြား၊ ထန်းလျက်၊ နှမ်း၊ မြေပဲ စသော ပြည်တွင်းထွက်သီးနှံတို့ကို အသုံးပြုကာ မုန့်အမျိုးမျိုး ပြုလုပ်လေ့ရှိကြပါသည်။

ထူးခြားသော အသွင်အပြင်နှင့် အရသာအတွေ့အကြုံကို ပေးဆောင်သည့် သရေစာအစားအစာ များကို စိတ်ဝင်စားမှုတိုးလာခဲ့သည်။ ဆန်၊ ကောက်ညှင်းတို့ဖြင့် ပြုလုပ်သော သရေစာများသည် ကျေနပ်ဖွယ်ကောင်းသော အရသာရှိပြီး ဘက်စုံသုံးနိုင်သည့်အတွက် သရေစာမုန့်များ ပြုလုပ်ရာတွင် ရွေးချယ်မှုအဖြစ် ရေပန်းစားလာခဲ့ပါသည်။ သရေစာအစားအစာများပေါ်တွင် ယင်း၏ အရသာ၊ အသွင်အပြင်နှင့် အမြင်အာရုံကိုမြှင့်တင်ရန် ပါဝင်ပစ္စည်းများကို ရောစပ်ခြင်း၊ ဖြူးခြင်း သို့မဟုတ် အလှဆင်ခြင်းလုပ်ငန်းများသည် ခေတ်စားလာပါသည်။ အလှဆင်ခြင်းလုပ်ငန်းများသည် သရေစာအမျိုးအစားနှင့် လိုချင်သောအရသာ အပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

ပုံမှန်စားသုံးနေကြသော ဆန်များသည် စပါးကို အခွံချွတ်ပြီးနောက် စား၍ရသော ဖွဲနုအလွှာ တစ်ခုကို ထပ်မံဖယ်ရှားပြီး နောက်ဆုံးတွင် ဖြူဖွေးအောင် အကြိမ်ကြိမ်ဖွပ်ထားသော ဆန်များ ဖြစ်သည်။ ဆန်လုံးညို သို့မဟုတ် လုံးတီးဆန်မှာမူ ထိုသို့မဟုတ်ဘဲ အပေါ်ယံစပါးခွံကို ဖယ်ရှားပြီး နောက် အကြိမ်ကြိမ်မဖွပ်ဘဲ စားသုံးနိုင်သည့် အတိုင်းအတာအထိထားပြီး အပေါ်ယံဖွဲနုလွှာပါးကို မဖယ်ရှားထားသောဆန်ဖြစ်ပါသည်။ အကြိမ်ကြိမ် ဖွပ်ထားသောဆန်များသည် အပေါ်ယံလွှာရှိ အဖိုးတန်သတ္တုဓာတ်များ၊ သက်စောင့်ဓာတ်များနှင့် အမျှင်များစွာကုန်ဆုံးသွားကာ အာဟာရဓာတ်များမပါရှိတော့ပါ။

ဆန်ဖြူများနှင့်မတူသော ဆန်လုံးညိုမှာ အပြင်ဘက်ဆုံးအလွှာရှိနေသောကြောင့် အာဟာရတန်ဖိုး အများအပြား ကပ်ငြိနေခြင်းပင်ဖြစ်ပါသည်။ အစားအစာများပြုလုပ်ရာတွင် အာဟာရတန်ဖိုး မြင့်မားစွာပါဝင်သည့် ဖွဲနုအလွှာသည် ဆန်ဖွပ်ခြင်းဖြင့် ဖယ်ထုတ်ခံရသောကြောင့် ဆန်ဖြူတွင် အာဟာရဓာတ်များ လျော့နည်းသွားပါသည်။ ဆန်ကြိတ်ခွဲခြင်းမှ ရရှိလာသောဖွဲနုကို တာရှည်ခံအောင် ပြုလုပ်ပြီး ယင်းတာရှည်ခံဖွဲနုနှင့် ဆန်လုံးညိုကို အချိုးကျရောစပ်အသုံးပြု၍ အာဟာရမြှင့် အမည်သစ်အစားအစာများ ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။

စပါးဇီဝဥယျာဉ်သုတေသနဌာနစုတွင် စပါးပင်၏ အစိတ်အပိုင်းအားလုံးကို အကျိုးရှိစွာအသုံးချ နိုင်သော နည်းပညာများ သုတေသနပြုဆောင်ရွက် လျက်ရှိပါသည်။ ထို့ပြင် (၁)ဆန်ကိုအခြေခံသော တန်ဖိုးမြှင့်ထုတ်ကုန်များ (မုန့်ဆန်း၊ ပေါက်ပေါက်၊ မရွေး၊ ဆန်ကွတ်ကီး၊ ဆန်လုံးစေ့မုန့်) ထုတ်လုပ်ရန်၊ (၂) ဆန်ကိုအခြေခံသော အမည်သစ် အစားအစာ မုန့်များတွင် စားသုံးသူ အသက်အရွယ်အလိုက် လိုအပ်သော အာဟာရဓာတ်များကို ထပ်မံဖြည့်စွက်ပေးရန်၊ (၃) အမည်သစ် အစားအစာများ၏ အာဟာရပါဝင်မှု စမ်းသပ်စစ်ဆေးရန်၊ (၄)ဆန်ကို အခြေခံသော မုန့်လုပ်နည်းပညာရပ်များကို ရှာဖွေဖော်ထုတ်ပေးရန် ရည်ရွယ်၍ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဆန်အခြေပြု တန်ဖိုးမြှင့်အစားအစာများပြုလုပ်နည်း အချို့ကို အောက်ပါအတိုင်း ဖော်ပြသွားမည်ဖြစ်ပါသည် -

(က) ဆန်အခြေပြု တန်ဖိုးမြှင့်အစားအစာများဖြစ်သော မုန့်ဆန်း၊ ပေါက်ပေါက်နှင့် မရွေးမုန့် ပြုလုပ်နည်းများ

(၁) မုန့်ဆန်းပြုလုပ်ခြင်း

မုန့်ဆန်းပြုလုပ်နည်းမှာ စပါးစေ့များကို အပူချိန် ၉၀-၉၅ ဒီဂရီစင်တီဂရိတ်အထိ အပူပေးထားသော ရေနွေးတွင် ခြောက်-ရှစ်နာရီကြာ စိမ်ထားပြီးနောက် ရေများကိုစစ်ထုတ်ကာ စပါးစေ့ပေါ်တွင် အစိုဓာတ်မကျန်သည်အထိ တစ်ညအိပ်လေသလပ် ခံပေးရပါသည်။ (စပါးစေ့များကို ရေနွေးစိမ်စဉ် ရေပေါ်သို့ ပေါ်ထွက်လာသော အဖျင်းအမှော်များကို ဖယ်ရှားပေးရမည်။) ရေစစ်ထားသောစပါးများကို ပမာဏအနည်းငယ်စီခွဲကာ ဒယ်အိုးထဲတွင် အပူချိန် ၁၆၀-၁၆၅ ဒီဂရီစင်တီဂရိတ်ရအောင် အပူပေးထားသော သဲနှင့်အတူရော၍ စပါးစေ့အချို့ ပေါက်သည်အထိ အပူပေးရပါသည်။ လှော်ထား သော စပါးစေ့များအတွင်း အပူချိန်နှင့် အစိုဓာတ် ညီညာပျံ့နှံ့စွာ ရရှိစေရန်အတွက် ဂုန်နီအိတ်စများ ဖြင့် ဖုံးအုပ်ပေးထားရပါသည်။ ထို့နောက် မုန့်ဆန်းပြုလုပ်သည့်စက် (Edge Runner)တွင်ထည့်၍ မုန့်ဆန်းရအောင် ပြုလုပ်ပြီး အဆင့်ခွဲခြားသော စက်ဖြင့် မုန့်ဆန်း၊ ဖွဲနှင့် စပါးခွံများကို သီးသန့်စီ ခွဲထုတ်ပေးရပါသည်။ ဖယ်ရှားလိုက်သောဖွဲများကို အလေအလွင့်မဖြစ်စေဘဲ တိရစ္ဆာန်အစာစပ်ရာတွင် အသုံးပြုနိုင်ပါသည်။ ရရှိလာသောမုန့်ဆန်းများကို ကြော်၍သော်လည်းကောင်း၊ ပေါင်း၍သော်လည်း ကောင်း လိုအပ်သလို အသုံးပြုနိုင်ပါသည်။

(၂) ပေါက်ပေါက်ပြုလုပ်ခြင်း

ပေါက်ပေါက်ပြုလုပ်နည်းမှာ စပါးစေ့များကို ရေအနည်းငယ် နှံ့စပ်အောင်ရောမွှေပြီး စပါးစေ့များ အတွင်း အစိုဓာတ်စိမ့်ဝင်စေရန်နှင့် အစိုဓာတ် ထိန်းထားရန်အတွက် ဂုန်နီအိတ်တွင်ထည့်ကာ တစ်ညအိပ်ခန့်ထားပေးရပါသည်။ ထို့နောက် အပူချိန် ၂၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးထားသော သဲတွင်ထည့်၍ အဆက်မပြတ် နှံ့စပ်အောင် မွှေကာလှော်ပေးရပါသည်။ ၂၀-၃၀ စက္ကန့်ခန့် ကြာလျှင် ဆန်ပေါက်ပေါက်ရရှိနိုင်ပြီဖြစ်ပါသည်။ ရရှိလာသောပေါက်ပေါက်များကို ဆန်ခါဖြင့်ဆယ်ယူ ကာ ဆန်ခါချ၍ သဲများ၊ စပါးခွံများကို ဖယ်ထုတ်ကာ ပေါက်ပေါက်များကို သန့်စင်ပြီး လိုအပ်သလို အသုံးပြုနိုင်ပါသည်။

(၃) မရွေးပြုလုပ်ခြင်း

မရွေးပြုလုပ်နည်းမှာ စပါးစေ့များကို အပူချိန် ၉၀-၉၅ ဒီဂရီစင်တီဂရိတ်အထိ အပူပေးထားသော ရေနွေးတွင် ခြောက်-ရှစ်နာရီကြာ စိမ်ထားပြီးနောက် ရေများကိုစစ်ထုတ်၍ စပါးစေ့ပေါ်တွင် အစိုဓာတ် မကျန်သည်အထိ တစ်ညအိပ်ထားပေးရပါသည်။ (စပါးစေ့များကို ရေနွေးစိမ်စဉ် ရေပေါ်သို့ပေါ်ထွက်လာသော အဖျင်းအမှော်များကို ဖယ်ရှားပေးရမည်။) ရေစစ်ထားသောစပါးများကို ပမာဏအနည်းငယ်စီ ခွဲကာ ဒယ်အိုးထဲတွင် အပူချိန် ၁၆၀-၁၆၅ ဒီဂရီ စင်တီဂရိတ်ရအောင် သဲနှင့်အတူရော၍ စပါးစေ့အချို့ စတင်ပေါက်သည်အထိ အပူပေးရပါသည်။ စပါးစေ့များကို နေပူထဲတွင်သော်လည်းကောင်း၊ အရိပ်ထဲတွင်သော်လည်းကောင်း အလွှာပါးပါးလှန်းကာ မွှေပေးပြီး အခြောက်ခံရပါသည်။

ထိုအခြောက်ခံထားသော စပါးများကို ဟာလာစက်ဖြင့် နှစ်ကြိမ်မှ သုံးကြိမ်အထိ အကောင်းဆုံးအခြေ အနေရှိသော ပေါင်းဆန်ရရှိအောင် ဖွပ်ချောရပါသည်။ ရရှိလာသောပေါင်းဆန်များကို သင့်တော်သော အစိုဓာတ် နှစ်-သုံးရာခိုင်နှုန်းရရှိသည်အထိ လျှော့ချနိုင်ရန် မီးဖိုပေါ်တွင် သဲမပါဘဲ လှော်ပေးရ ပါသည်။ ဆန်စေ့များအတွင်း အစိုဓာတ် ညီညာ ပျံ့နှံ့စွာရရှိစေရန်အတွက် ဂုန်နီအိတ်စငယ်များဖြင့် ဖုံးအုပ်ပေးထားရပါသည်။ ထို့နောက် ဆန်များကို ထုတ်ယူပြီး အပူပေးသောအဆင့်တွင် လျော့နည်း သွားသောအစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးရန် နှစ်-သုံးရာခိုင်နှုန်းရှိသည့် ဆားပြည့်ဝပျော်ရည်ဖြင့် ပက်ဖျန်းပေးကာ ရောမွှေပေးရပါမည်။ ဆန်အနည်းငယ်စီကို သံဒယ်အိုးထဲတွင် အပူချိန် ၂၅၀ ဒီဂရီစင်တီဂရိတ်ခန့်ရအောင် အပူပေးထားသောသဲဖြင့် ဆန်မရွေးရရှိသည်ထိ ၁၀-၁၂ စက္ကန့်ခန့်ကြာ လှော်ပေးရပါသည်။ ရရှိလာသော မရွေးနှင့် ရောနှော နေသောသဲများကို မီးဖိုပေါ်တွင်ပင် ဆန်ခါဖြင့်စစ်ချပြီး သဲ၏အပူချိန်ကို ဆက်ထိန်းထားကာ နောက်တစ်ကြိမ် ဆက်လှော်ရန်အတွက် အသုံးပြု နိုင်ပါသည်။ ရရှိလာသောမရွေးကို ဆန်ခါချပြီး ထန်းလျက်ရည်ဖြင့်နယ်၍ မရွေးမုန့်ပြုလုပ်နိုင်ပါသည်။

(ခ) တန်ဖိုးမြင့်အစားအစာ အနုဆုပ်ပြုလုပ်ခြင်း

အနုဆုပ်မုန့်မပြုလုပ်မီ ပထမဦးစွာ စပါးများကို စပါးအခွံချွတ်စက် အသုံးပြု၍ ဆန်လုံးညိုများ ရရှိအောင် ဆောင်ရွက်ရပါမည်။ ရရှိလာသော ဆန်လုံးညိုများကို ဒယ်အိုးထဲတွင်လှော်ပြီး အအေး ခံကာ ကြိတ်စက်ဖြင့် အမှုန့်ဖြစ်အောင် ကြိတ်ပေးရပါမည်။ တာရှည်ခံဖွဲနုပြုလုပ်ပုံမှာ ဆန်ကြိတ်ခွဲခြင်းမှ ရရှိလာသောဖွဲနုကို ၁၀၅ ဒီဂရီစင်တီဂရိတ်ရအောင် အပူပေးထားသော အပူပေးစက် သို့မဟုတ် ဒယ်အိုးထဲတွင် ငါးမိနစ်ခန့်ကြာ အခြောက်ခံပြီး သန့်စင်သော တာရှည်ခံဖွဲနုကိုရရှိပါသည်။ တာရှည်ခံဖွဲနုကို အနုဆုပ်မုန့်ပြုလုပ်ရာတွင် အသုံးပြုမည် ဖြစ်ပါသည်။ အနုဆုပ်မုန့်ပြုလုပ်ရာတွင် အသုံးပြုသော ပါဝင်ပစ္စည်းများမှာ လှော်ထားပြီးသော ဆန်လုံးညိုအမှုန့် ထမင်းစားဇွန်း ခုနစ်ဇွန်း၊ တာရှည်ခံဖွဲနု လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ထန်းလျက်ရည် ထမင်းစားဇွန်း ၁၃ ဇွန်း၊ ရေ ထမင်း စားဇွန်း ၃၅ ဇွန်းနှင့် ဆားလက်ဖက်ရည်ဇွန်း ၁/၂ ဇွန်းတို့ ဖြစ်ပါသည်။

အနုဆုပ်မုန့်ပြုလုပ်ပုံ အဆင့်ဆင့်မှာ - ဒယ်အိုးထဲတွင် ထန်းလျက်၊ ရေနှင့်ဆား အနည်းငယ်ကို ထည့်ပြီး ညောင်စေးကျအောင် ကျိုပေးရပါမည်။ ထို့နောက် စေးပျစ်အောင်ကျိုထားသော ထန်းလျက် အရည် ထမင်းစားဇွန်း ၁၃ ဇွန်းကို လှော်ထားပြီးသော ဆန်လုံးညိုအမှုန့်နှင့် တာရှည်ခံဖွဲနုထည့်ထား သော ဇလုံထဲသို့ထည့်ပြီး နှံ့စပ်အောင် ရောနယ်ပေးရပါမည်။

ရောနယ်ထားသော ဆန်လုံးညိုအနှစ်များကို ပမာဏအနည်းငယ်စီခွဲကာ အရွယ်ညီအလုံးလေးများ လုံးပေးရပါမည်။ အရွယ်ညီ ဆန်လုံးညိုလုံးများပေါ်သို့ တစ်လုံးနှင့်တစ်လုံး ကပ်မနေစေရအောင် ဆန်လုံးညိုအမှုန့် အနည်းငယ်ဖြူးကာ အရိပ်ထဲတွင် လေသလပ်ခံပေးပြီးနောက် အနုဆုပ်မုန့်လုံးများ ရရှိနိုင်ပြီ ဖြစ်ပါသည်။

ဒေသတွင်း ဆန်အခြေပြု တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်လာနိုင်ရေးသည် နိုင်ငံ့ စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(MSME)၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်ခြင်း သာမက လူမှုစီးပွားဘဝများ မြင့်မားလာစေရေးကိုလည်း အထောက်အကူဖြစ်စေပါသည်။ MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် စတင်ထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ်ရောက်ရှိသည် အထိ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးတွင် စိုက်ပျိုးထုတ်လုပ်သူများ၊ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်သူများ၊ လက်လီလက်ကား ရောင်းချသူများ၊ သယ်ယူပို့ဆောင်ပေးသူများနှင့် အခြားဝန်ဆောင်မှုပေးသူများ စသည်တို့ ပါဝင်သည်။

စိုက်ပျိုးထွက်ရှိလာသည့်သီးနှံများကို ၎င်းတို့အတိုင်း တင်ပို့ရောင်းချပါက ဝင်ငွေအနည်းငယ်သာ ရရှိနိုင်မည်ဖြစ်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် (ဥပမာ-ဆန်ဖြင့်ပြုလုပ်သော မုန့်ဆန်း၊ ပေါက်ပေါက် နှင့် ဆန်မရွေးများကို ကျန်းမာရေးနှင့်ညီညွတ်စွာ ထုတ်လုပ်၍ သေသပ်လှပအောင်ထုပ်ပိုးပြီး ပြည်တွင်း/ ပြည်ပဈေးကွက်သို့ ဖြန့်ဖြူးရောင်းချ ခြင်း) အဆင့်မြှင့်တင် ထုတ်လုပ်ရောင်းချခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်မည့်အပြင် ကုန်ပစ္စည်းများမှလည်း အပိုဝင်ငွေရရှိနိုင် မည်ဖြစ်သည်။

ဆန်အခြေပြု တန်ဖိုးမြင့် အမည်သစ်အစားအစာများကို ပြည်ပမှ တင်သွင်းလာသည့် စားသောက်ကုန်များနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် ထုပ်ပိုးမှု၊ အရည်အသွေးနှင့် အနံ့အရသာ စသည်တို့ ပိုမိုကောင်းမွန်အောင်မြှင့်တင်ရေး၊ လိုအပ်သည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းလာရေး၊ ဆန်းသစ်တီထွင်နိုင်ရန် လိုအပ်သည့် နည်းပညာအကူအညီများ ပံ့ပိုးပေးရေး၊ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်အထိ တိုးမြှင့်တင်ပို့ရောင်းချနိုင်ရန် ဈေးကွက် ရရှိရေး၊ ဆန်အခြေပြု တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သောရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် စားသုံးမှုလုံခြုံစိတ်ချ၍ ကျန်းမာရေးနှင့် ညီညွတ်သော စံချိန်စံညွှန်း ပြည့်မီကောင်းမွန်သည့် စားသောက်ကုန်များ ထုတ်လုပ်လာရေးအတွက် သက်ဆိုင်သည့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ ကဏ္ဍအလိုက် ဘက်ပေါင်းစုံ ဝိုင်းဝန်းပူးပေါင်းပြီး အောင်မြင်မှုရရှိအောင် ဆောင်ရွက်ခြင်းသည် ဆန်အခြေပြု တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ် သည့် MSME လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံ့စီးပွား တိုးတက်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။ ။