ဒေါက်တာ တင်မာမာဦး

 

မြန်မာနိုင်ငံသည် ကျောက်မျက်ရတနာများ၊ ဓာတ်သတ္တုများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များပါဝင်သည့် သဘာဝ သယံဇာတများ ပေါများကြွယ်ဝပြီး ကမ္ဘာပေါ်တွင် ကျောက်စိမ်းထုတ်လုပ်မှုနှင့် တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ရာ သတ္တုနှင့် သတ္တုရိုင်းများ၊ ကျောက်စိမ်းများ၊ အခြားသတ္တုများ၊ တွင်းထွက်ကျောက်များနှင့် သတ္တုတို့ကို တန်ဖိုးမြှင့်ပြုလုပ်ထားသည့် လက်ဝတ်ရတနာများကို ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေများစွာ ရှာဖွေပေးလျက်ရှိပါသည်။ ထို့အပြင်  အရည်အသွေးမြင့် ကျောက်စိမ်းနှင့် ပတ္တမြားရရှိနေသည့် ကမ္ဘာ့အကြီးမားဆုံး အရင်းအမြစ် နိုင်ငံတစ်ခုလည်းဖြစ်သည်။ ကမ္ဘာ့ပတ္တမြားထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းနှင့် ကျောက်စိမ်းထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်းလည်း သိရှိရသည်။  

 

မြန်မာနိုင်ငံ၏ တွင်းထွက်ရတနာများအနက် ကျောက်စိမ်းသည်အများဆုံးထွက်ရှိသည့် ပစ္စည်းဖြစ်သည်။ ကျောက်စိမ်းကို လက်ဝတ်ရတနာပြုလုပ် ရာတွင် အသုံးပြုခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူ့အသုံးအဆောင်များ ပြုလုပ်၍လည်း သုံးစွဲလာ ကြောင်း တွေ့ရှိရသည်။  ကျောက်စိမ်း၏တန်ဖိုးမှာ   မနိမ့်လွန်း/ မမြင့်လွန်းရှိသည့်အတွက် လူတိုင်းနီးပါး သုံးစွဲနိုင်သည်။

 

ကျောက်စိမ်းသည် နှစ်ထောင်ပေါင်းများစွာကပင် အရှေ့တိုင်းသားတို့၏ နှလုံးအိမ်၌ဝင်ရောက် နေရာယူပြီး   တန်ဖိုးထားမှု အတိုင်းအတာအားဖြင့် မြင့်မားခဲ့သောကျောက်ဖြစ်သည်။ တရုတ်လူမျိုးတို့သည် ကျောက်စိမ်းကို ဝတ်ဆင်မှုသာမက လက်နက်ကိရိယာများကို တန်ဆာဆင်ရာတွင် အသုံးပြုခဲ့ပြီး ကျောက်မျက်တို့၏ အချုပ်အခြာအဖြစ် သတ်မှတ်ခဲ့သည်။

 

စစ်ကိုင်းမြို့တွင် ကျောက်စိမ်းအချောထည် လုပ်ငန်းများစွာရှိပြီး ကုန်ကြမ်းများကို ဖားကန့်မှလည်းကောင်း၊ မန္တလေးမြို့မှလည်းကောင်း ဝယ်ယူကြကာ ကျောက်ဖြတ်ခြင်း၊ ကျောက်သွေးခြင်း၊ အရောင်တင်ခြင်း၊ အပေါက်ဖောက်ခြင်း၊ ကြိုးသီခြင်း လုပ်ငန်းများကို မိသားစုများအပါအဝင် လုပ်သားများငှားရမ်း၍ အိမ်တွင်း တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများအဖြစ် လုပ်ကိုင်ကြသည်။

 

ကျောက်စိမ်းအချောထည်အဖြစ် စိပ်ပုတီး၊ လည်ဆွဲ၊ လက်ပတ်၊ ပန်းပု စသည့်ထုတ်ကုန်များကို ထုတ်လုပ်ပြီး အရည်အသွေးနှင့် အရွယ်အစား ပေါ်မူတည်၍ ရောင်းချကြရာ လုပ်ငန်းရှင်အနည်းစုက ကျောက်စိမ်းအရိုင်းတုံးများကို အရောင်းအဝယ် ပြုလုပ်ကြကြောင်း သိရှိရသည်။

 

ကျောက်စိမ်းအချောထည်များ

 

စစ်ကိုင်းမြို့၌ ယခင်က ကျောက်စိမ်းရောင်းဝယ်ရေး ပြုလုပ်နေကြသော ဒေသခံပြည်သူများသည် ဘော်ဂါ ရပ်ကွက်၌ရှိသော လမ်းဘေးတွင် အဆင်ပြေသလို ကျောက်စိမ်းအချောထည်များကို အရောင်း အဝယ်ပြုလုပ်ခဲ့ကြသည်။ ယခုကဲ့သို့ ကျောက်စိမ်းအချောထည်များကို လမ်းဘေးတွင် ဈေးဆိုင်များဖွင့်လှစ်ရောင်းချခြင်းသည် လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများအတွက် သွားလာရေးအဆင်မပြေဘဲ လမ်းပိတ်ဆို့စေခြင်း၊ စည်ပင်သာယာရေးဥပဒေနှင့် ကိုက်ညီမှုမရှိခြင်းနှင့် ၂၀၁၉ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်လည်း ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် ၏ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ စစ်ကိုင်းမြို့သို့ လာရောက်သည့်ခရီးစဉ်တွင် စစ်ကိုင်းမြို့၌ တရားဥပဒေစိုးမိုးမှုရှိပြီး စနစ်ကျ သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အသိအမှတ်ပြု ကျောက်မျက်ရတနာဈေးတစ်ဈေး ဖွင့်လှစ်ပေးရန် စီစဉ် ဆောင်ရွက်ခဲ့သည်။

 

မင်္ဂလာစစ်ကိုင်းကျောက်မျက်ရတနာဈေးအဖြစ် ပြောင်းလဲဖွင့်လှစ်

 

အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ကျောက်မျက် လုပ်ငန်းရှင်များ၊ မင်္ဂလာစစ်ကိုင်းဈေးသစ်ဖွင့်လှစ် ရန် စီစဉ်ဆောင်ရွက်နေသည့် Triple Circle Co.,Ltd မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ Triple Circle Co.,Ltd က မင်္ဂလာစစ်ကိုင်းဈေးသစ် ဖွင့်လှစ်မည့်နေရာတွင် မင်္ဂလာစစ်ကိုင်းကျောက်မျက်ရတနာ ဈေးအဖြစ် ပြောင်းလဲဖွင့်လှစ်ရန် ညွှန်ကြားခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၏ ညွှန်ကြားမှုအပေါ် စစ်ကိုင်းခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က လုပ်ငန်းစီမံချက်များ စနစ်တကျရေးဆွဲပြီး ကျောက်မျက်ရတနာဈေး ဖြစ်မြောက်ရေးကော်မတီများ ဖွဲ့စည်းခြင်း၊ လုံခြုံရေးနှင့် ကျောက်မျက်ဈေး စနစ်တကျဖြစ်စေ ရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းများ ဆောင်ရွက်ပြီး နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းထားသည့် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ဆောင်ရွက်ခဲ့ရာ ကျောက်မျက်ရတနာဈေးဖွင့်လှစ် မည့် Mingalar Sagaing Market နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းတို့က ကျောက်မျက်ရတနာဈေးဖွင့်လှစ်ပြီး အရောင်းအဝယ်ပြုလုပ်ရန် ဆိုင်ခန်းငှားရမ်းခြင်းအတွက် နှစ်ဦးနှစ်ဖက်သဘောတူလက်မှတ်ရေးထိုး ခြင်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဆောင်ရွက်ခဲ့သည်။

 

စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် စစ်ကိုင်းစက်မှုဇုန် မင်္ဂလာစစ်ကိုင်းဈေးသစ်တွင် မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာ ဈေးသစ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်တွင် ဖွင့်လှစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ကျောက်မျက်ရတနာလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ မြန်မာ့ ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်း အထွေထွေ မန်နေဂျာ ဦးထွန်းဝေ၊ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့် နှင့် Triple Circle ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်မော်မော်သိန်းတို့က မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာဈေးကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

 

ဆိုင်ခန်းပေါင်း ၃၅၀ ကျော်

 

စစ်ကိုင်းမြို့၌ ဖွင့်လှစ်ခဲ့သည့် မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာဈေးကြီးသည် ဧရိယာ စတုရန်းပေ ၂၄၆၀၀ အကျယ်တွင် ဆိုင်ခန်းပေါင်း ၃၅၀ ကျော်ပါဝင်သော ဈေးကြီးဖြစ်ပြီး ဈေး အဆောက်အအုံများသည် အမိုးအကာ လုံလုံခြုံခြုံ ရှိကာ စနစ်တကျတည်ဆောက်ထားခြင်း၊ လုံခြုံမှု အပြည့်အဝရှိခြင်းနှင့် အဆင့်မြင့်စွာ ဖြန့်ဖြူး ရောင်းချနိုင်သော နေရာဖြစ်ရာ ဝယ်ယူရန် စိတ်ချရသောနေရာဖြစ်သည့်အတွက် ဒေသခံ ရောင်းဝယ်သူများအပြင် နိုင်ငံခြားသားများပါ လာရောက်သည့် နေရာတစ်ခုဖြစ်ကာ နေ့စဉ် ကျောက်စိမ်းအချောထည်များ ရောင်းဝယ်သူများ ဖြင့် စည်ကားလျက်ရှိသည်။

 

mdn

 

စစ်ကိုင်းမြို့၌ ယခင်က ကျောက်စိမ်း ရောင်းဝယ်ရေးပြုလုပ်နေကြသော ဒေသခံပြည်သူများသည် ဘော်ဂါရပ်ကွက်တွင် ရှိသော လမ်းဘေး၌ အဆင်ပြေသလို ကျောက်စိမ်းအချောထည်များ အရောင်းအဝယ် ပြုလုပ်ခဲ့ကြရာမှ ယခုလို တစ်နေရာတည်း ရောင်းသူများသာမက ဝယ်သူများပါ အဆင်ပြေစွာ အရောင်းအဝယ်များ ဆောင်ရွက် ကြရသည့်အပေါ်တွင် ကျောက်စိမ်းအချောထည် အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက စစ်ကိုင်း မြို့တွင် ယခုဖွင့်လှစ်သည့် မင်္ဂလာစစ်ကိုင်း ကျောက်မျက်ရတနာဈေးသည် ကျောက်မျက် ရောင်းဝယ်သူများအတွက် စနစ်တကျ အဆင်ပြေစွာ ဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး ခမ်းနားထည်ဝါ သော ဈေးကြီးတစ်ခုဖြစ်ပါကြောင်း၊ ယခင်က ဘော်ဂါရပ်ကွက်အတွင်း ရောင်းချရာ၌ နေရာ သတ်မှတ်ချက် စနစ်တကျမရှိဘဲ အဆင်ပြေသလို ရောင်းချရသဖြင့် ပစ္စည်းအရည်အသွေး တူသော် လည်း ဈေးနှုန်းကွာဟချက်များ ရှိခဲ့ကြောင်း၊ အခု ဈေးအတွင်း ကျောက်မျက်များ ရောင်းချရာတွင် တစ်နေရာတည်း၌ စနစ်တကျ အဆင်ပြေစွာ ရောင်းချနိုင်ပြီး ဈေးနှုန်းကွာဟမှု မရှိကြောင်း၊ ဈေးသစ်ကြီးသည် သန့်ရှင်းသပ်ရပ်မှုရှိကာ လုံခြုံမှု ရှိခြင်းတို့ကြောင့် ရောင်းသူ၊ ဝယ်သူ အဆင်ပြေကြကြောင်း၊ ကျောက်ကြမ်းဝယ်၍ ရရှိလာသည့် ကျောက်ကို အိမ်တွင် ဖြတ်တောက်ပြီး ယခုဈေး၌ တစ်နေရာတည်း စုပြီးလာရောက်ရောင်းချကြ ကြောင်း ပြောကြားသည်။

 

ကျောက်အချောထည်ပုတီးလုပ်ငန်းနှင့် လက်ဝတ်ရတနာလုပ်ငန်း

 

ယခုဈေးကြီးဖွင့်လှစ်ပေးခြင်းဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကာ စီးပွားရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်ခြင်း၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေခြင်း၊ ဒေသခံပြည်သူများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေပြီး ကျောက်အချောထည် ပုတီးလုပ်ငန်းနှင့် လက်ဝတ်ရတနာလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခြင်းကြောင့် ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးစေခြင်း၊ ကျောက်မျက်ရတနာဈေးတွင် လာရောက်ရောင်းဝယ်ကြသူများမှ နိုင်ငံတော်သို့ ပေးသွင်းသည့် အခွန်အခများ ရရှိသဖြင့် နိုင်ငံတော်၏ ဝင်ငွေတိုးတက်လာပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများလည်း ရရှိနိုင်မည် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။