ဘားအံ အောက်တိုဘာ ၁၈
ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၇/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှန်တကယ်စိုက်ပျိုး မွေးမြူလုပ်ကိုင်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးက ိုအထောက်အကူပြုနိုင်သည့် လုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို အမြန်ဆုံးထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အတည်ပြုထားသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစိစစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးပေးရန်လိုကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ရာ၌ လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အချိန်ကာလတိုအတွင်း လျင်လျင်မြန်မြန်ဖြင့် အကျိုးအမြတ်ရရှိနိုင်မည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များက ငါးမွေးမြူရေး၊ ဆန်စက်၊ ဆီစက် စသည့် သမဝါယမအသင်းအဖွဲ့များဖွဲ့စည်း၍ ချေးငွေထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကော်မတီဖွဲ့စည်းထားမှု၊ အရင်းမပျောက်မတည်ငွေဖြင့် ပေါင်းစည်းလယ်ယာ(ငါးကဏ္ဍ) ဆောင်ရွက်မည့်အခြေအနေ၊ ပိုင်ဆိုင်မှုနှင့် ချေးငွေယူမည့်ပမာဏ၊ ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာသော ခရိုင်၊ မြို့နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီများက သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာများအလိုက် တောင်သူများ၏ စိုက်ဧကများနှင့် ချေးငွေထုတ်ချေးပေးနေမှုကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ သေဋ္ဌမာရ် အောင်ဘုရားကြီး၌ (၃၂)ကြိမ်မြောက် အသံမစဲ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်သည့် အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးက အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲဖြစ်မြောက်ရေး ဂေါပကအဖွဲ့၏ ဆောင်ရွက်ချက်များကို လျှောက်ထားတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်