နေပြည်တော် ဩဂုတ် ၁၄

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၃/၂၀၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ (၁၄) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့(၆) ခုသို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ ချေးငွေများထုတ်ချေးပြီးစီးမှုနှင့် ချေးငွေပြန်လည်ပေးဆပ်မှု၊ နယ်မြေဒေသ အခြေအနေနှင့်မိုခါ မုန်တိုင်းတိုက်ခတ်မှုတို့ကြောင့် ချေးငွေ အရင်း/အတိုး ဆိုင်းငံ့ပေးခဲ့မှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှတင်ပြသော နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံတို့အတွက် ချေးငွေစာချုပ်တန်ဖိုး သတ်မှတ်နိုင်ရေး၊ ချေးငွေများထုတ်ချေးရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေးနိုင်ရေး၊ ချေးငွေစာရင်းဇယားများကို စနစ်တကျပြုစု၍ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ပြည်နယ်များမှ ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီများက ကြပ်မတ်ဆောင်ရွက်ရေးနှင့် မှတ်တမ်းတင်ထားရှိနိုင်ရေး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ဆေးပေးနိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ အကြောင်းကြားထားမှု အခြေအနေများကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများက ၂၀၂၃-၂၀၂၄ ခုနှစ် အတွင်း နွေစပါးစီမံကိန်း၊ မိုးစပါးစီမံကိန်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မိုးစပါးချေးငွေနှင့် မိုးမြေပဲသီးနှံချေးငွေ ထုတ်ချေးရေးစာချုပ်ချုပ်ဆိုဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အသား တိုးကြက်၊ ဉစားဘဲ၊ အသားတိုးဝက်၊ နို့စားနွား၊ အသားတိုးနွား၊ သိုး၊ ဆိတ် မွေးမြူရေးချေးငွေများ ထုတ်ချေးနေမှုအခြေအနေနှင့် စိုက်ပျိုးရေရရှိရေးစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေ၊      ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးနိုင်မှုနှင့် ကုန်ကြမ်းဝယ်ယူနိုင်ရေးအတွက် လုပ်ငန်းသုံး ရင်းနှီးငွေ ထုတ်ချေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးက  (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ယခု အစည်းအဝေးတွင် မှတ်တမ်းတင်ရန်နှင့် အတည်ပြုဆုံးဖြတ်ရမည့် ကိစ္စရပ်များကိုလည်းကောင်း၊ ကော်မတီအဖွဲ့ဝင်များက ဓာတ်မြေဩဇာရရှိမှု၊ ဆီစက်ချေးငွေနှင့် သွင်းအားစုများအတွက် ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေး၊ ချေးငွေစာချုပ်များ အချိန်မီချုပ်ဆိုနိုင်ရေးကိစ္စရပ်များကိုလည်း ကောင်း ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကိုထူထောင်၍ နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံများ အထွက်တိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ချေးငွေများ ဆုံးရှုံးမှုမရှိစေရေး၊ ချေးငွေများ ထိရောက်စွာအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းများအောင်မြင် ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက မိမိတို့တာဝန် ယူရသည့်နယ်မြေတွင်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီများအား စနစ်တကျ တာဝန်များပေးအပ်ပြီး ကြပ်မတ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့် လက်တွဲပူးပေါင်း ပြီး နိုင်ငံတော်မှထောက်ပံ့ပေးသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို အသုံးပြုကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် ၃ ရပ်ကို အောင်မြင်အောင် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်