နေပြည်တော် ဖေဖော်ဝါရီ ၅

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှုဗဟိုချက်ဖြစ်သည့် တိုင်းဒေသကြီးများတွင် အသား၊ ဉထုတ်လုပ်ရန်၊ နေရောင်ခြည်ကောင်းစွာရသည့် တိုင်းဒေသကြီးများတွင် ဆိုလာစီမံကိန်းများဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးကူညီသွား ရန်ရှိကြောင်းနှင့်  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ၆ ခုသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ချေးငွေများထုတ်ချေးထားရှိမှု၊ ချေးငွေပြန်လည်ပေးဆပ်မှု အခြေ အနေ၊ သဘာဝဘေးအန္တရာယ်များကြောင့် ချေးငွေအရင်း၊ အတိုးဆိုင်းငံ့ပေးခဲ့မှုများ၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ဧရိယာများ အမြန်ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးခဲ့ မှုအခြေအနေများကို သုံးသပ်မှတ်တမ်းတင်ရန်၊ ချေးငွေများ ထုတ်ချေးရာတွင် ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ ထုတ်ချေးနိုင်ရေး၊ ချေးငွေစာရင်းဇယားများကိုစနစ်တကျပြုစု၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီများက ကြပ်မတ်ဆောင်ရွက်ရေးနှင့် မှတ်တမ်းတင်ထားရှိနိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာ ရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တက်ရောက်လာကြသူများက ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း နွေစပါးစီမံကိန်း၊ မိုးစပါးစီမံကိန်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စီမံ ကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ ၂၀၂၄-၂၀၂၅  ခုနှစ်အတွင်း   မိုးစပါးချေးငွေနှင့်   မိုးမြေပဲသီးနှံချေးငွေ ထုတ်ချေးရေး စာချုပ်ချုပ်ဆိုဆောင်ရွက်နေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မွေးမြူရေးချေးငွေများထုတ်ချေးနေမှုနှင့် စိုက်ပျိုးရေရရှိရေးစီမံကိန်း ဆောင်ရွက်နေမှု၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေထုတ်ချေးနိုင်မှုနှင့် ချေးငွေတိုးမြှင့်ထုတ်ချေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။ 

ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးက  (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ကော်မတီအဖွဲ့ဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအချိုတို့မှ တင်ပြလာကြသော ချေးငွေသက်တမ်းတိုးမြှင့်ခွင့်ပြုရေး၊ စိုက်ပျိုးရေအတွက် စက်ရေတွင်းတူးဖော်ခြင်း၊ ရေတင်စက်တပ်ဆင်ခြင်းနှင့် ဆိုလာစနစ် တည်ဆောက်ခြင်းတို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ခွင့်ပြုရန်တင်ပြလာသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ကော်မတီဥက္ကဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လက်တွဲပူးပေါင်းပြီး နိုင်ငံတော်မှထောက်ပံ့ပေးသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို အသုံးပြုကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်(၃)ရပ်ကို အောင်မြင်အောင် ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်