နေပြည်တော်၊ နိုဝင်ဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် အကျိုးတူ လယ်ယာ Contract Farming စနစ်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းတွင် လုပ်ငန်းစဉ်အလိုက် ပေါင်းစပ်ဆောင်ရွက်ကြမည့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အကျိုးတူလယ်ယာစနစ် သီးသန့် စိုက်ပျိုးထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်က လမ်းညွှန်ထားသည့် အကျိုးတူကန်ထရိုက် လယ်ယာ Contract Farming စနစ်ဖြင့် နွေစပါးဧက ၈ ဒသမ ၅ သိန်း၊ ဆောင်းပဲတီစိမ်း ဧက ၅ သိန်းစိုက်ပျိုးထုတ်လုပ်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီး ဌာနများအကြား ပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ တောင်သူများလက်ဝယ်သို့ သွင်းအားစုများ တိုက်ရိုက်ရောက်ရှိပြီး ထွက်ကုန်များအတွက် ဈေးကွက်နှင့် ဝင်ငွေခိုင်မာစွာ ရရှိစေရေး အကျိုးတူလယ်ယာလုပ်ငန်း အစီအမံများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အကျိုးတူ လယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မည့် နွေစပါး၊ ပဲတီစိမ်း သီးနှံပုံစံများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်း ရှင်များ အသင်း နှင့် သမဝါယမအသင်းများ အပါအဝင် ပူးပေါင်းပါဝင် ဆောင်ရွက်မည့် အဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်အလိုက် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်သည့် အကျိုးတူလယ်ယာ စနစ်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး က အကျိုးတူလယ်ယာ (Contract Farming)စနစ်ဖြင့် ဆောင်ရွက်မည့် ဝန်ဆောင်မှု ဆိုင်ရာနည်းလမ်းများကိုလည်းကောင်း၊ စိုက်ပျိုးထွက်ရှိလာမည့် သီးနှံများအား ဈေးကွက်တင်ပို့ ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ကြမည့် ဝန်ကြီးဌာနအသီးသီး၏ အခန်းကဏ္ဍများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းအတွက် အသုံးပြုမည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကို အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရန် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က လယ်ယာကဏ္ဍတွင် သွင်းအားစုများ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ခြင်းဖြင့် သီးထပ်စွမ်းအားနှင့် သီးနှံအထွက်နှုန်း တိုးတက် လာပြီး ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်လာမည် ဖြစ်၍ စီမံကိန်းလုပ်ငန်းများ ရည်မှန်းချက်ပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရေး လိုအပ်ချက် များကို လည်းကောင်း ၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး က ကျေးလက်နေပြည်သူများအား လယ်ယာကုန်ထုတ် သမဝါယမအသင်းအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းပေးပြီး သီးနှံမျိုးကောင်းမျိုးသန့်အသုံးပြုရေး သွင်းအားစုမှန်ကန်ရေးနှင့် အရည်အသွေး ကောင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် ရေရှည်တွင် ကျေးလက်နေ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မား တိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချမည့် လယ်ယာထွက်ကုန်သီးနှံများ အရည်အသွေး ပြည့်မီရေး၊ ဈေးကွက် အာမခံချက်နှင့် အကျိုးအမြတ်ရရှိရေးအတွက် ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက် တွင် ပါဝင်ပတ်သက်သော လုပ်ငန်းများအချိတ်အဆက်မိမိ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ဒုတိယဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်လာကြသူများက အကျိုးတူ စီမံကိန်းလုပ်ငန်း ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ၊ ရန်ပုံငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် ချေးငွေများအပြည့်အဝ ပြန်လည်ရရှိပြီး နောက်ရာသီများတွင် ဆက်လက် အကောင်အထည်ဖော်နိုင်သဖြင့် ဘက်စုံကဏ္ဍစုံ ရေရှည်အကျိုး ဖြစ်ထွန်းစေရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)