နေပြည်တော် ဩဂုတ် ၁၆

 

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်ရှိ သဒ္ဒါကြည်ဖြူ အိတ်မျိုးစုံချုပ်လုပ်ငန်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်ပထုတ်ကုန်များ အစား ပြည်တွင်းထုတ်ကုန်များကို အစားထိုးသုံးစွဲခြင်းအပြင်  နိုင်ငံတကာ အဆင့်မီသော အိတ်များချုပ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးစားသွားကြရန်နှင့် MSME အသင်း အဖွဲ့ဝင်များနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန် မှာကြားသည်။

 

ယင်းနောက် ရွှေနံ့သာရပ်ကွက်သစ်ရှိ စာသင်ကျောင်း တည်ဆောက်မည့် မြေနေရာအခြေအနေ၊ ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာ အဂ္ဂဂေဟာ ပန်းပုလုပ်ငန်းနှင့် မင်းကုန်းကျေးရွာအုပ်စု အောင်ချမ်းသာ ကျေးရွာ ဝါးကမ္ဘာအဆင့်မြင့် ဝါးတူစက်ရုံသို့ သွားရောက်ကြည့်ရှုပြီး MSMEs ထုတ်ကုန်ပစ္စည်း ဈေးရောင်းပွဲတော် များတွင် ပန်းပုပစ္စည်းများ ခင်းကျင်းပြသရောင်းချနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် သွားရန်၊ ဝါးနှင့်ပတ်သက်သည့် ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာများရရှိရေး Bamboo ဝါးသမအသင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် မှာကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ဥတ္တရသီရိမြို့နယ် မရမ်းခုံကျေးရွာ စိုက်ပျိုးစီးပွား တောင်သူ အသိပညာပေးစင်တာသို့ရောက်ရှိပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ​​ပွဲသို့ တက်ရောက်ကာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးယူ၍ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအနေဖြင့် ဝက်(၁)ယူနစ်လျှင် သိန်း(၃၅၀) ဝက်ကောင်ရေ (၁၀၀)၊ အသားတိုးကြက်/ ဘဲ (၁)ယူနစ်လျှင် သိန်း(၁၅၀) ကောင်ရေ(၃၀၀၀)ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့် ညီညွတ်ပါက သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ၍ လျှောက်ထားနိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ တစ်ဧက ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် ဓာတ်မြေဩဇာ(၁)ဆနှင့် သဘာဝမြေဩဇာ(၃)ဆ ရောစပ်၍ အချိန်ကိုက် အချိုးကျ သုံးစွဲသွားနိုင်ရေး ဆွေးနွေး ပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တောင်ညိုအုပ်စုမှ တောင်သူ (၆၁)ဦး အတွက် သွင်းအားစု အာမိုယူရီးယား ဓာတ်မြေဩဇာများကို သတ်မှတ်နှုန်းထားအတိုင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)