နေပြည်တော် သြဂုတ် ၂၀
မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်လိုအပ်သကဲ့သို့ အရည်အသွေးကောင်း မွန်သည့် စားသုံးဆီများ ထုတ်လုပ်ရန် အဆင့်မီဆီစက်များလည်းလိုအပ်နေသဖြင့် ဆီစက်လုပ်ငန်း များဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယင်းလုပ်ငန်းများအောင်မြင်ရေးအတွက် ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာ သုံးသပ်ရေး (Monitoring and Evaluation) အဖွဲ့ခေါင်းဆောင်ဖြစ်သည့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယနေ့နံနက်ပိုင်းက အဖွဲ့ဝင်ဌာနဆိုင်ရာ အကြီးအကဲများနှင့်မတူ မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်စစ်ဆေးသည်။
ဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် မကွေးမြို့ရှိ "မကွေးအမေစိန်"ဆီစက်၊ "ကောင်းသန့်" ဆီစက်၊ "အောင်စင်္ကြာ"ဆီစက် နှင့် "ရွှေပြည်"ဆီစက်များသို့ သွားရောက်ပြီး ဆီစက် လုပ်ငန်းများလည်ပတ်နေမှုနှင့် ကုန်ကြမ်းသိုလှောင်ထားရှိမှုအခြေအနေများ၊ ချေးငွေထုတ်ယူပြီးစီးမှု အခြေအနေများ၊ ချေးငွေစီမံချက်ပါအတိုင်း ဆီစက်လုပ်ငန်းတွင် အမှန်တကယ် လိုက်နာ သုံးစွဲမှု ရှိ/မရှိတို့ကို ကြီးကြပ်စစ်ဆေးရာ လုပ်ငန်းအခက်အခဲများအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


