နေပြည်တော် ဇန်နဝါရီ ၂
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးကြမည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက စိမ်းစားပင်ကျေးရွာ စိုက်ပျိုးနည်း ပညာပေးစင်တာ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်စု (၈) အုပ်စုမှတောင်သူ (၅၈)ဦး၊ စိုက်ပျိုးပညာပေးဝန်ထမ်း (၃၂)ဦးတို့ တက်ရောက်ကြ သည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက စပါး၊ မြေပဲ၊ နှမ်း၊ နေကြာသီးနှံများတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့် သုံးစွဲရန်၊ မြေပြုပြင်ရာတွင် ထယ်ရေး ထွန်ရေးကောင်းရန်နှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များ ကျင့်သုံးရန် စပါးစိုက်ပျိုးရာတွင် အထူးသဖြင့် ကြဲပက်စိုက်ပျိုးမှုများမပြုလုပ်ပဲ တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း၊ ကောက်စိုက် စက်ဖြင့် စိုက်ပျိုးခြင်းကို ပြောင်းလဲဆောင်ရွက်ရန်၊ ဓာတ်မြေဩဇာများကို အချိန်ကိုက် အချိုးကျသုံးစွဲရန်၊ ပေါင်းသတ်ဆေး ပိုးသတ်ဆေးများကို မလိုအပ်ဘဲ အသုံးမပြုရေးနှင့် လိုအပ်သလောက်သာ အသုံးပြုရန်ကိစ္စရပ်များ၊ စိုက်ပျိုးရေနှင့် နည်းပညာ အပါအဝင် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ က ကူညီပံ့ပိုးပေးသွားမည်ဖြစ်၍ တောင်သူများက စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် တောင်သူများက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ တင်ပြကြရာ သက်ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ က မြေဆီလွှာထိခိုက်ပျက်စီးမှု မရှိစေပဲ သီးနှံထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး ဆောင်ရွက်ရန် နည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော လယ်ယာကုန်ထုတ် လုပ်ငန်းများထွန်းကားလာရေးကြိုးပမ်းသွားကြရန် လိုအပ်ချက်များ၊ စိုက်ပျိုးရေရယူမှု အသုံးပြုရာတွင် ရေသောက်စနစ်အတွင်းရှိ စိုက်ကွင်းများအားလုံး မျှမျှတတ ခွဲဝေအသုံးပြုနိုင်ရေးအတွက် ရေအသုံးချသူအဖွဲ့ WUG တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အရေးပါပုံတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်