သိင်္ဂီမြင့် (YAU)

 

မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပြီး ပြည်ပ ပို့ကုန် ပိုမိုတင်ပို့ရေး၊ သွင်းကုန်အစားထိုး ထုတ်လုပ်ရေးတို့ကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ 

 

စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့်ဝါကို မြန်မာမင်းများ လက်ထက်ကပင် စိုက်ပျိုးခဲ့ကြပြီး ပြည်ပသို့ တင်ပို့နိုင်ခဲ့သော ပို့ကုန်သီးနှံတစ်မျိုးဖြစ်ခဲ့သည်။ လက်ရှိအချိန်တွင်လည်း ပြည်တွင်း၊ ပြည်ပ ဈေးကွက်များတွင် ရောင်းချနေရသည့် သီးနှံဖြစ်သည်။ သဘာဝချည်မျှင်လုပ်ငန်း အခြေခံအသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးအပါဆုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး နိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်နေသည့် ဝါစိုက်ဧကများမှ ပန်းတိုင်အထွက်နှုန်း ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဝန်ကြီးဌာနများက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 

 

ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးနိုင်ပြီး မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီတွင် မေလလယ်မှ ဇွန်လကုန်အတွင်း မိုးနှောင်းရာသီတွင် ဇူလိုင်လလယ်မှ သြဂုတ်လအတွင်း စိုက်ပျိုးလေ့ရှိသည်။ ဝါသီးနှံတစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ သတ်မှတ်ထားပြီး ဝါသီးနှံ စိုက်ပျိုးရေးဇုန်အလိုက် အားပေးဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ မျိုးကောင်းမျိုးသန့်များမှာ တစ်ဧကလျှင် ပိဿာ ၇၀၀ - ၈၀၀ မှသည် ပိဿာ ၁၀၀၀ အထိ ထွက်ရှိနိုင်သော်လည်း တောင်သူများအနေဖြင့် စိုက်နည်းအဆင့်ဆင့်တွင် မှန်ကန်အောင် ပြုလုပ်ကြရန် လိုအပ်ပါသည်။ 

 

မြန်မာနိုင်ငံ၏ အဓိကဝါစိုက်ပျိုးသော ဒေသများတွင် တောင်သူများ အဓိကစိုက်ပျိုးကြသော ဝါမျိုးများ၏ အားနည်းချက်၊ အားသာချက်များ၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အကျိုးအမြတ်များကို သိရှိနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါသီးနှံဌာနခွဲနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွား ပညာဌာနတို့ ပူးပေါင်း၍ “ဝါသီးနှံထုတ်လုပ်မှု၊ အကျိုးအမြတ်နှင့် ရောင်းချမှု ကွင်းဆက်ကို လေ့လာခြင်း” သုတေသနကို မြန်မာနိုင်ငံ၏ အဓိက ဝါစိုက်ပျိုး ထုတ်လုပ်သည့်ဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး မိထ္ထီလာခရိုင်အတွင်းရှိ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များတွင် လေ့လာခဲ့ပါသည်။ 

 

မိတ္ထီလာခရိုင်တွင် တောင်သူများ အဓိကစိုက်ပျိုးသော ဝါမျိုးသုံးမျိုးမှာ ရွှေတောင်-၁၀၊ ရွှေတောင်-၈ နှင့် ရာကာတို့ဖြစ်သည်။ အများဆုံး စိုက်ပျိုးကြသော ဝါမျိုးဖြစ်သည့် ရွှေတောင်-၁၀ ကို စိုက်ပျိုးရခြင်း၏ အားသာချက် ခုနစ်ချက်မှာ (၁) မျိုးစေ့ကုန်ကျစရိတ်နည်းခြင်း၊ (၂) ဝါအထွက်နှုန်းကောင်းခြင်း၊ (၃) ထွက်ရှိသော ဝါအရည်အသွေး ကောင်းခြင်း၊ (၄) ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်း၊ (၅) ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိခြင်း၊ (၆) ရိတ်သိမ်း ခူးဆွတ်ရလွယ်ကူခြင်းနှင့် (၇) သွင်းအားစုကုန်ကျစရိတ်နည်းခြင်းတို့ ဖြစ်ကြပါသည်။

 

ဒုတိယအများဆုံးစိုက်ပျိုးကြသော ဝါမျိုးဖြစ်သည့် ရွှေတောင် - ၈ ကို စိုက်ပျိုးရခြင်း၏ အားသာချက် ခြောက်ချက်မှာ (၁)မျိုးကောင်းမျိုးသန့် လွယ်ကူစွာရရှိခြင်း၊ (၂)ဝါအထွက်နှုန်းကောင်းခြင်း၊ (၃) ထွက်ရှိသော ဝါအရည်အသွေးကောင်းခြင်း၊ (၄) ရာသီဥတုဒဏ်ခံနိုင်ရည်ရှိခြင်း၊ (၅) ရောဂါပိုးမွှား ဒဏ်ခံနိုင်ရည်ရှိခြင်းနှင့် (၆)ရိတ်သိမ်းခူးဆွတ် ရလွယ်ကူခြင်းတို့ ဖြစ်ကြပါသည်။

 

တတိယအများဆုံးစိုက်ပျိုးကြသော ဝါမျိုးဖြစ်သည့် ရာကာကို စိုက်ပျိုးရခြင်း၏ အားသာချက် သုံးချက်မှာ (၁) စိုက်ပျိုးကုန်ကျစရိတ်နည်းခြင်း၊ (၂) ဝါအထွက်နှုန်းကောင်းခြင်းနှင့် (၃) ဝါအရည် အသွေးကောင်းခြင်းတို့ဖြစ်သည်။ သို့ဖြစ်ပါ၍ လေ့လာခဲ့သော အချက်အလက်များအရ တောင်သူများအတွက် အားသာချက်အများဆုံးမျိုးမှာ ရွှေတောင်-၁၀ ဖြစ်ပါသည်။
ရွှေတောင်-၈ မျိုး၏ အားနည်းချက်သုံးချက်မှာ (၁) အထွက်နည်းခြင်း၊ (၂) ပိုးမွှားဒဏ်မခံနိုင်ခြင်းနှင့် (၃) အရည်အသွေးမကောင်းခြင်းတို့ဖြစ်ပြီး ရာကာမျိုး၏ အားနည်းချက်သုံးချက်မှာ (၁) အထွက်နည်းခြင်း၊ (၂) ရောဂါပိုးမွှားဒဏ်မခံနိုင်ခြင်းနှင့် (၃) ရာသီဥတုဒဏ်မခံနိုင်ခြင်းတို့ ဖြစ်ကြပါသည်။ သို့ရာတွင် တောင်သူများမှ ရွှေတောင်-၁၀ ၏ အားနည်းချက်များအား ဖြေကြားထားခြင်းမရှိပါ။

 

လေ့လာမှုများကို အခြေခံ၍ မိတ္ထီလာခရိုင် မြို့နယ်လေးမြို့နယ်တွင် အဓိကစိုက်ပျိုးကြသော ဝါမျိုးများ(ရွှေတောင်-၁၀၊ ရွှေတောင်-၈ နှင့် ရာကာ) ၏ အကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) အသီးသီး၏ အကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) တို့အား နှိုင်းယှဉ်လေ့လာမှုကို ဇယား (၁) တွင် ဖော်ပြထားပါသည်။ 

 

ရွှေတောင်-၁၀ ၏ ပျမ်းမျှအကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) မှာ ၂ ဒသမ ၉၃ ဖြစ်သည်။ BCR အများဆုံးမှာ ၁၂ ဒသမ ၆၇ ဖြစ်၍ တစ်ဧကလျှင် ကျပ်တစ်သိန်းရင်းပါက ငွေကျပ် ၁၁ ဒသမ ၆၇ သိန်းထိ အကျိုးအမြတ်ရှိသည်ကို တွေ့ရသည်။ ရွှေတောင်-၈ ၏ ပျမ်းမျှအကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) မှာ ၂ ဒသမ ၅၈ ဖြစ်သည်။ (BCR) အများဆုံးမှာ ၇ ဒသမ ၄၃ ဖြစ် ၍ တစ်ဧကလျှင် ကျပ်တစ်သိန်းရင်းပါက ကျပ် ၆ ဒသမ ၄၃ သိန်း အမြတ်ရရှိကြောင်း လေ့လာခဲ့ရသည်။ 
ရာကာ၏ ပျမ်းမျှအကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) မှာ ၂ ဒသမ ၈၉ ဖြစ်သည်။ BCR အများဆုံးမှာ ၁၀ ဒသမ ၄၁ ဖြစ်၍ တစ်ဧကလျှင် ကျပ်တစ်သိန်းရင်းပါက ကျပ် ၉ ဒသမ ၄၁ သိန်း အမြတ်ရရှိပါသည်။ သို့ဖြစ်၍ လေ့လာခဲ့သောဒေသတွင် အစိုက်အများဆုံး ဝါမျိုးသုံးမျိုးအနက် ရွှေတောင်-၁၀ သည် ပျမ်းမျှအကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) အများဆုံးဖြစ်ပြီး ရွှေတောင်-၈ သည် ပျမ်းမျှအကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) အနည်းဆုံးဖြစ်သည် (ဇယား ၁)။

 

ဇယား (၁) အဓိကစိုက်ပျိုးသော ဝါမျိုးများ၏ အကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး

mdn

 

တောင်သူများ လက်ခံထားသော ဝါသီးနှံ စိုက်ပျိုးရခြင်း၏ အားသာချက်များမှာ ရာသီဥတု ပြောင်းလဲမှုခံနိုင်ရည်ရှိခြင်း၊ အခြားသီးနှံထက် အမြတ်ပိုမိုရရှိခြင်း၊ မျိုးကောင်းမျိုးသန့် အလွယ် တကူရရှိခြင်း၊ အခြားသီးနှံထက် ဈေးကွက်ခိုင်မာခြင်း၊ ရေလိုအပ်မှုနည်းခြင်း၊ သီးနှံစိုက်ပျိုးမှုပုံစံ ပြောင်းလဲ လာခြင်း၊ မိရိုးဖလာစိုက်ပျိုးခြင်း၊ အခြားသီးနှံထက် ကုန်ကျစရိတ်နည်းပါးခြင်း၊ သီးနှံစိုက်ပျိုးရာတွင် လုပ်အားလိုအပ်ချက်နည်းခြင်းတို့ ဖြစ်ပါသည်။

 

ဝါသီးနှံစိုက်ပျိုးရခြင်း၏ အဓိကအဟန့်အတား များမှာ ခိုင်မာသောကြမ်းခင်း ဈေးနှုန်း သတ်မှတ်ရန် လိုအပ်ခြင်း၊ ချေးငွေလုံလောက်စွာမရရှိခြင်း၊ ဈေးနှုန်း တည်ငြိမ်မှုမရှိခြင်း၊ သွင်းအားစု ကုန်ကျစရိတ်များ ခြင်းနှင့် အလုပ်သမားရှားပါးခြင်းတို့ဖြစ်ပါသည်။

 

စိုက်ပျိုးရေးဦးစီးဌာန၊ ဝါသီးနှံဌာနခွဲနှင့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွားပညာဌာနတို့ ပူးပေါင်းလေ့လာမှုများကို အခြေခံ၍ ဝါစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရန်အတွက် ဝါသီးနှံမျိုးစေ့နှင့် စိုက်ပျိုးသွင်းအားစုဆိုင်ရာ အကြုံပြုချက်များမှာ အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းသော ဝါမျိုးစေ့များကို အကျိုးတူလယ်ယာစနစ်(Contract farming)ဖြင့် ထုတ်လုပ်ရန်၊ သွင်းရေရရှိရန် ပံ့ပိုးပေး ရန်၊ ထွန်စက်များ၊ ဝါကြိတ်စက်များ အစရှိသည် တို့ကို သင့်တော်သော နှုန်းထားများဖြင့် ငှားရမ်းပေး ရန်၊ ဝါစိုက်တောင်သူများအား မျိုးကောင်းမျိုးသန့် ထောက်ပံ့ပေးခြင်း၊ သွင်းအားစုများ စနစ်တကျ အသုံးပြုရန်နှင့် သိပ္ပံနည်းကျ ဝါစိုက်ပျိုးခြင်း နည်းပညာများအား သင်ကြားလေ့ကျင့်ပေးခြင်းများ ပြုလုပ်ရန်၊ ဝါသုတေသနခြံများတွင် ပြည်တွင်းနှင့် နိုင်ငံခြားပညာရှင်များ ပူးပေါင်း၍ ဝါစပ်မျိုးထုတ် လုပ်ငန်းဆောင်ရွက်ရန်နှင့် ထွက်ရှိလာသော ဝါမျိုး ကောင်းမျိုးသန့်များအား တောင်သူထံသို့ရောက်အောင် ဖြန့်ဝေပေးရန်တို့ ဖြစ်ပါသည်။

 

ထို့အပြင် ဝါသီးနှံကဏ္ဍတွင် အရည်အသွေးမြင့် ချည်မျှင်များထုတ်လုပ်နိုင်သည့် ဝါအမျိုးအစားများ ကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ဈေးကွက် ဝယ်လိုအားနှင့် အရည်အသွေးအလိုက် ဈေးနှုန်း သတ်မှတ်ချက်များအား ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ဆောင်ရွက်နေ သော ချည်မျှင်နှင့် အထည်အလိပ်ကဏ္ဍမှ သေချာ သော အာမခံချက်များပေးရန် လိုအပ်ပါသည်။ ဝါသီးနှံထုတ်လုပ်မှုနှင့် ရောင်းချမှု ကွင်းဆက် တစ်လျှောက်လုံးအား လေ့လာသော သုတေသနများ ဆက်လက်ဆောင်ရွက်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါသော ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအား တစ်ဧက အထွက်တိုးစေရန် တွန်းအားပေး ဆောင်ရွက်သင့်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။