နေပြည်တော် သြဂုတ် ၁၇
လယ်ယာကဏ္ဍကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှုလယ်ယာဦးစီး ဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိရာ ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်လုံးတွင်သာမက လယ်ယာအခြေခံ အသက်မွေးဝမ်းကျောင်းသင်တန်းများ ပေးခြင်းကို တောင်သူများသိရှိပြီး တောင်သူမိသားစုဝင်လူငယ်များ ပိုမိုတက်ရောက် လေ့လာ နိုင်ရေး စီမံဆောင်ရွက်ရန်နှင့် နိုင်ငံစီးပွားရေးကိုအထောက်အကူပြုစေမည့် သွင်းအားစု ထုတ်လုပ်သည့်လုပ်ငန်းများကို တစ်နိုင်တစ်ပိုင်မှသည် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင် မည့် နည်းပညာများကို လက်တွေ့တတ်မြောက်အောင် သင်ယူရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စက်မှုလယ်ယာသင်တန်းကျောင်း တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက လယ်ယာလုပ်ငန်းခွင်တွင် ခေတ်မီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာများ လေ့လာနိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်များစွာ လိုအပ်လျက်ရှိရာ လူငယ်များ ပါဝင်ရန်လိုအပ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းခြင်း အတတ်ပညာကို သာမန်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက်သာမက ကျွမ်းကျင်မှု ပိုမိုမြင့်မားလာအောင် ကြိုးစားလေ့လာပြီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များဖြစ်သည်အထိ ဆက်လက်ကြိုးပမ်းသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အဆိုပါ စက်မှုလယ်ယာသင်တန်းကျောင်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု(အထူး)သင်တန်း သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ဖွင့်လှစ်ပို့ချလျက်ရှိပြီး ပြည်နယ် နှင့် တိုင်းဒေသကြီး(၇)ခုမှ သင်တန်းသား (၂၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်မှုလယ်ယာဦးစီးဌာနက သုတေသနပြု စမ်းသပ်ဆောင်ရွက်ထားရှိသော လယ်ယာသီးနှံအကြွင်းအကျန်များကို ဆွေးမြေ့လွယ်စေသော လေပေးစနစ်ဖြင့် မြေဆွေးပြုလုပ်ခြင်း (AREATED STATIC COMPOSTING – ASP) နည်းပညာကို စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးတက္ကသိုလ် တို့အား တဆင့်ပြန်လည်အသုံးချသွားရန် နည်းပညာလွှဲပြောင်းပေးအပ်ခြင်းကို ကြည့်ရှုအားပေးသည်။
မြေဆွေးပုံ ပြုလုပ်ရာတွင် သီးနှံအကြွင်းအကျန်များဖြစ်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ ပဲရိုးများ၊ ဟင်းသီးဟင်းရွက်အကြွင်းအကျန်များ လွယ်ကူစွာဆွေးမြေ့စေရန် အပူချိန်နှင့် စိုထိုင်းဆ အချိုးမျှအောင် စီမံနိုင်သည့် လေပေးစနစ်ကို စက်မှုလယ်ယာဦးစီးဌာနက ဒီဇိုင်းထုတ် တီထွင်ဆောင်ရွက်ခဲ့ပြီး တောင်သူများ ပုဂ္ဂလိကလုပ်ငန်းရှင်များ လွယ်လွယ်ကူကူဖြင့် စီးပွားဖြစ် သဘာဝမြေသြဇာ ပြုလုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လေပေး၍ သဘာဝမြေဆွေးပြုလုပ်သော နည်းပညာများကို လက်တွေ့အသုံးချနိုင်ရန်နှင့် တောင်သူလက်ဝယ်သို့ ထိရောက်စွာပို့ဆောင်ပေးနိုင်ရန် ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်