နိုင်ငံ့စီးပွားရေးတိုးတက်မှုနှုန်းမြင့်မား ရည်မှန်းချက်များအကောင်အထည်ဖော်

ဖေဖော်ဝါရီ  ၃၊   ၂၀၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး(၁/၂၀၂၃)၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော် တွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပကတိဖြစ်စဉ်များကို ရှင်းလင်း ပြောကြားသွားခဲ့ရာတွင် နိုင်ငံတော်၏ စီးပွားရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ များကို သိရှိခဲ့ရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနည်းတူ မြန်မာနိုင်ငံ တွင်လည်း ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ထိခိုက်မှုများရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှစတင်၍ စီးပွားရေးဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းချက် များရှိခဲ့သည့်အပြင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍  ကန့်သတ်မှုများကြောင့် နိုင်ငံ့စီးပွားရေးလည်း ကျဆင်းသွားခဲ့သည်။ တိုင်းပြည်တွင် နိုင်ငံခြားဝင်ငွေရရှိခြင်း မရှိဘဲ ပြည်ပမှသွင်းကုန်များ များပြားသောကြောင့် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့သည်။ ကုန်သွယ်မှုမဟုတ်သောလုပ်ငန်းများမှ ရရှိသောငွေကြေးများဖြင့် သွင်းကုန် များ တင်သွင်းခဲ့သည်။ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားမပေးဘဲ ပြည်ပသွင်းကုန်များကိုသာ  ဦးစားပေးဆောင်ရွက်ခဲ့ခြင်းကြောင့်  အားနည်းချက် များစွာဖြစ်ပေါ်ခဲ့သည်။

ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် ပျမ်းမျှ GDP တိုးတက်မှုနှုန်း သည် ၇ ဒသမ ၂၆ ရာခိုင်နှုန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကျော်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ကျော်ရှိခဲ့သည်။ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ ပထမဘဏ္ဍာနှစ်တွင် GDP တိုးတက်မှုနှုန်း ၅ ဒသမ ၈ ရာခိုင်နှုန်း၊ ဒုတိယဘဏ္ဍာနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၈ (၆ လ)ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာနိုင်နှုန်း၊ တတိယဘဏ္ဍာနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း၊ စတုတ္ထဘဏ္ဍာနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်း၊  ၂၀၂၀-၂၀၂၁ (၆ လ) ဘဏ္ဍာနှစ်တွင် (အနုတ်) ၈ ဒသမ ၄ ရာခိုင်နှုန်းရှိသည့်အတွက် ပျမ်းမျှ GDP တိုးတက်မှုနှုန်းသည် ၃ ဒသမ ၃၈ ရာခိုင်နှုန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေပေါင်း ၁၂ ဒသမ ၆၁ ဘီလီယံကျော်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၄ ဒသမ ၉၆ ဘီလီယံ ကျော်ရှိခဲ့သည်။

ထို့ကြောင့် ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလတွင် ကုန်သွယ်မှုလိုငွေ အများအပြားရှိခဲ့ပြီး တိုင်းပြည်အတွက် စိုးရိမ်ဖွယ်ရာအနေအထားရောက်လာခဲ့သည်။ ပြည်ပချေးငွေများလည်း အများအပြားရှိခဲ့သည့်အပြင် အစိုးရအကြီးအကဲ အများစု အဂတိလိုက်စားမှုများကြောင့် နိုင်ငံ့ဘဏ္ဍာငွေ အများအပြားထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံ့တာဝန်စတင်ယူ သည့်ကာလတွင် နိုင်ငံတကာ၏ ဝိုင်းဝန်းပိတ်ဆို့မှုများရှိသကဲ့သို့ ပြည်တွင်းစီးပွားရေး အခြေအနေများနှင့် ပြည်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံ့စီးပွားရေးသည် တိုးတက်သင့်သလောက် မတိုးတက်ဘဲရှိခဲ့သည်။ နိုင်ငံရေးအခြေအနေများကြောင့် ချေးငွေ၊ ထောက်ပံ့ငွေများ ရရှိခြင်းမရှိဘဲ ယခင်အစိုးရလက်ထက်များကရှိခဲ့သည့် ချေးငွေ၊ ထောက်ပံ့ငွေများလည်း ရပ်ဆိုင်းခြင်းခံခဲ့ရသည်။ 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ) GDP တိုးတက်မှုနှုန်းသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်(အောက်တိုဘာလမှ မတ်လအထိ) ၂ ဒသမ ၄ ရာခိုင်နှုန်းသာတိုးတက်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သဖြင့် GDP တိုးတက်မှုနှုန်းသည် မြင့်တက်လာသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့်  ပြည်တွင်းစီးပွားရေးကို   မြှင့်တင်ရာတွင် သွင်းကုန်ကို ဦးစားမပေးဘဲ လျှော့ချပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက် ရေးအတွက် ဦးစားပေးဆောင်ရွက်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင် တိုးတက်မှုနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်လာရေးအတွက်  အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများသည် အဓိကမောင်းနှင်အားဖြစ်ရာ အသေး စား၊  အငယ်စားနှင့် အလတ်စား  (MSME)  လုပ်ငန်းများကို   ဦးစားပေးမြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ကြောင့် မျက်မှောက်ကာလတွင် နိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ အပေါင်းလက္ခဏာဖြစ်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ဆက်လက်၍ နိုင်ငံ၏ သယံဇာတအရင်းအမြစ်များကို အခြေခံ၍ သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးတို့ကို ရည်မှန်းချက်ထားပြီး နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံ့စီးပွားမြင့်မားတိုးတက် ပြီး နိုင်ငံရေးရည်မှန်းချက်များ၊ အမျိုးသားရေးရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း။    ။

ကြေးမုံ