နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးအင်အား တောင့်တင်းခိုင်မာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝ မြင့်မားရေး၊ တိုင်းပြည်ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတိုင်းပြည်တွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မည်သို့ပင်ရှိနေသော်လည်း စီးပွားရေး တိုးတက်ကောင်းမွန်လာအောင် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရသည်။
မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ စိန်ခေါ်မှုများ၊ နှောင့်ယှက်ဖျက်ဆီးမှုများ၊ ပြည်ပမှ ဖိအားပေး ပိတ်ဆို့အကျပ်ကိုင်မှုများ စသည့်အခက်အခဲများကြားမှ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဘေး၊ ဆိုင်ကလုန်းမုန်တိုင်းမိုခါဘေး စသည့်သဘာဝဘေး အမျိုးမျိုးကြောင့် ထိခိုက်ခဲ့ရသည့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည် မြှင့်တင်နိုင်ရန် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်နေရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့နှင့်အညီ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးကိုဦးတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများက ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ခေတ်မီနည်းစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ရေရှည်အာမခံချက်ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် အလေးထားလုပ်ကိုင်ပေးလျက်ရှိသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် စားသုံးဆီအမျိုးမျိုးနှင့် စက်သုံးဆီများ ပြည်ပမှ နှစ်စဉ်တင်သွင်း နေရသောကြောင့် နိုင်ငံခြားငွေ လိုအပ်ချက်များ မြင့်မားနေသည်။ ပြည်ပမှစက်သုံးဆီတင် သွင်းခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက စိစစ်ကြပ်မတ်ဆောင်ရွက်ပြီး ပြည်တွင်း၌ စက်သုံးဆီအခက်ခဲမရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေး ကဏ္ဍသာမက ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့အပြင် အခြားကဏ္ဍများတွင်လည်း နိုင်ငံတော်က ဘတ်ဂျက်များကျခံသုံးစွဲပေးလျက်ရှိပြီး အကျိုးရှိစွာအသုံးပြုကြရန်လိုအပ်သည်။
နိုင်ငံတော်အစိုးရက တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်ချိမှုကို အထောက်အကူဖြစ်စေရန် ၂၀၂၃ ခုနှစ် အောက်တို ဘာလမှစတင်၍ ခွင့်ပြုထားသည့် အပိုထောက်ပံ့ကြေးအသုံးစရိတ်၊ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ပြန်လည်ထူထောင်ရေးအသုံး စရိတ်နှင့် အခြားလိုအပ်သည့် အသုံးစရိတ်များ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အသစ်တိုးချဲ့ ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၃၄ ကျောင်းတွင် တစ်ထပ် ၃၄ ဆောင် ဆောက်လုပ်ရန်အတွက် အသုံးစရိတ်များ ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေနှင့် အခွန်ဝေစုကိုလည်း ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။
“ယခုခွင့်ပြုလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများအပါအဝင် နိုင်ငံတော်က ခွဲဝေချထားပေးသည့် အသုံးစရိတ်များကို အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက်နှင့် အကျိုးရှိရှိသုံးစွဲကြရန် လျာထားသည့် ရငွေလျာထားချက်များအတိုင်း ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်၌ အရအသုံး လျာထားချက်များနှင့် အနီးစပ်ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် မိမိတို့၏စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ချိန်အမီ ပြီးစီးအောင် အကောင်အထည် ဖော်ဆောင်ရွက်ကြရန်” ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)တွင် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရန် ရည်ရွယ်ပြီး “ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဟူသည့် စီးပွားရေး ဦးတည်ချက်ကို မျက်ခြည်မပြတ် အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးကို အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများ၏ လိုအပ်ချက်နှင့်ကိုက်ညီမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ခွင့်ပြုထားသည့် ဘတ်ဂျက်အတွင်း ထိရောက်စွာဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။
ကြေးမုံ