နိုင်ငံ့ဓနဥစ္စာတိုးပွားရေးရွှေ့ပြောင်းအလုပ်သမားများဘဝမြှင့်တင်ပေး

၂၂ ဒီဇင်ဘာ

 

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

''ရေကြည်ရာ မြက်နုရာ''ဟူသောစကားပုံသည် အသက်မွေးဝမ်းကျောင်းမှု နှင့် ရှင်သန်ရပ်တည်မှုတို့အတွက် ရွှေ့ပြောင်းသွားလာကြရသည်ကို ဝန်းဆိုသည်။ မိမိတို့နေထိုင်ရာမူလအရပ်ဒေသ၌ အလုပ်အကိုင်အခွင့်အလမ်းတို့ကင်းမဲ့လာခြင်း၊ စားဝတ်နေရေးအတွက် လိုအပ်သည့် ဝင်ငွေ မရရှိနိုင်ခြင်း၊ ဆင်းရဲမွဲတေခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ ပဋိပက္ခများ၊ ဖိနှိပ်မှုများရှိနေခြင်းစသည့် အကြောင်းများကြောင့် နေရပ်ကိုစွန့်ခွာ ကြသည်။ မိသားစု စားဝတ်နေရေးပြေလည်စေရန်၊ လူနေမှုဘဝမြင့်မားလာ စေရန်ဟူသော ရည်မှန်းချက်များဖြင့် ဝင်ငွေမြင့်မားစွာရရှိနိုင်မည့် ဒေသများ၊ နိုင်ငံများဆီသို့ ရွှေ့ပြောင်းကြခြင်းဖြစ်သည့်အတွက် ပြည်တွင်း ရွှေ့ပြောင်းသွားလာမှုနှင့် ပြည်ပနိုင်ငံများဆီသို့ ရွှေ့ပြောင်းသွားလာမှုတို့ ပေါ်ပေါက်လာသည်။

 

မြန်မာနိုင်ငံသည် စီးပွားရေးလျင်မြန်စွာ တိုးတက်ဖွံ့ ဖြိုးလျက်ရှိသော ရပ်ဝန်း၌ တည်ရှိနေသည့်အလျောက် မိမိနိုင်ငံတွင်းမှ ရွှေ့ပြောင်းအလုပ် သမားများ ပြည်တွင်းနှင့်ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှု ပမာဏကြီးမား နေသည့် နိ်ုင်ငံတစ်နိုင်ငံဖြစ်သည်။ ၂ဝ၁၄ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင် လူ ဒသမ ၃၉ သန်းသည် ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများဖြစ် ပြီး ဒသမ ၂၅သန်းသည် ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ထွက်ခွာလုပ်ကိုင်ခဲဲ့ကြ ရာ ယင်းတို့အနက် ၇ဝ ရာခိုင်နှုန်းသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့လည်းကောင်း၊ ၁၅ ရာခိုင်နှုန်းသည် မလေးရှားနိုင်ငံသို့လည်း ကောင်း၊ ဒသမ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့လည်းကောင်း၊ ဒသမ ရာခိုင်နှုန်းသည် စင်ကာပူနိုင်ငံသို့လည်းကောင်း သွားရောက် လုပ်ကိုင်ခဲ့ကြကြောင်း၊ ကိုရီးယား၊ဂျပန်၊ ကာတာ အစရှိသည့်နိုင်ငံများ သို့လည်း အနည်းငယ်စီ သွားရောက်လုပ်ကိုင်ခဲ့ကြကြောင်း အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အဖွဲ့အစည်း၏လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။

 

ထို့ပြင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ပြန်လည်လွှဲပို့ငွေများမှာ လွန်စွာ များပြားသည့်တိုင်အောင် တရားမဝင်လမ်းကြောင်းများမှ လွှဲပို့ခြင်းဖြစ် သည့်အတွက် ပြည်တွင်းမှလက်ခံရရှိမှုမှာ အမေရိကန်ဒေါ်လာ ၁၁၈ သန်း မျှသာဖြစ်ပြီး အမှန်တကယ်ရရှိသင့်သည်ထက် အဆပေါင်းများစွာ လျော့နည်းခဲ့ကြောင်းလည်း သတင်းများအရ သိရသည်။


 

၂ဝ၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားရာ၌ ရွှေ့ပြောင်း အလုပ်သမားများ၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိက လိုအပ်နေကြောင်း၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုအပေါ် ပြည်တွင်း သာမက ပြည်ပတွင်ပါ အသိအမှတ်ပြုစေရေး ဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊ ကျွမ်းကျင်သင်တန်းသားများ မွေးထုတ်ပေးခြင်းကို ပိုမိုတိုးမြှင့် ရန်၊ ပြောင်းလဲနေသည့် အလုပ်သမားဈေးကွက်နှင့်အညီ ဖြစ်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများအား လူမှုအကာအကွယ်ပေးနိုင်ရန်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများသည် နိုင်ငံ၏GDP အတွက် အရေးပါသည့် အရင်းအမြစ်များဖြစ်ကြောင်း၊ မိသားစု လွှဲငွေများကို လုံခြုံစိတ်ချရသည့်လမ်းကြောင်းများမှ လျင်မြန်ချောမွေ့စွာ လွှဲပြောင်းပေးနိုင်ရန်အတွက် ယခုထက် ပိုအားစိုက်ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း စသည့်အချက်များကို ထောက်ပြသွားခဲ့သည်။

 

ယခုအခါ ရွှေ့ပြောင်းအလုပ်သမားများသည် မူရင်းနိုင်ငံအတွက်ရော လက်ခံနိုင်ငံအတွက်ပါ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူ ပြုသူများဖြစ်ကြောင်း လက်ခံထားကြပြီးဖြစ်သည်။ ရွှေ့ပြောင်းအလုပ် သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် မူရင်းနိုင်ငံအနေဖြင့် ထိထိ ရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးနှင့် မိသားစုသို့ ပြန်လည် လွှဲပို့ငွေများ ပြည်တွင်းသို့ အပြည့်အဝရောက်ရှိပြီး နိုင်ငံ၏ ဓနဥစ္စာ တိုးပွား ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ် အသီးသီးတို့က ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း။