ရန်ကုန် ၁ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “နိုင်ငံ၏တန်ဖိုး လူမျိုး၏ ဂုဏ်သိက္ခာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များနှင့် အစည်းအရုံးများမှ တာဝန်ရှိသူများ၊ ဆုရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ ယနေ့ အခမ်းအနားသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် “နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲကို ဖိတ်ခေါ်ကျင်းပ ပေးခဲ့ပြီး ဆုချီးမြှင့်ပွဲဖြစ်ကြောင်း။
ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ မိမိတို့နိုင်ငံသည် သမိုင်းအစဉ်အလာ ကြီးမားကြောင်း၊ လူမျိုး တစ် မျိုး၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးတမ်းများ များစွာရှိကြောင်း၊ ထိုအရာများကို ဓာတ်ပုံ၊ ပို့စကတ်စသည့် ပညာရပ်များဖြင့် ပုံဖော်ဖန်တီး ရိုက်ကူးခြင်းအားဖြင့် မိမိတို့နိုင်ငံ၏ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှု၊ သမိုင်းဝင်သည့် နေရာများနှင့် ရေမြေတောတောင်များ၏ သာယာလှပမှု၊ ပျော်ရွှင်မှုနှင့် လွတ်လပ်မှုစသည့် ပုံရိပ်များရရှိစေရန်အတွက် ရည်ရွယ်၍ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ဓာတ်ပုံပညာရှင်များနှင့် ဝါသနာရှင် ၁၈၁ ဦးတို့က ဓာတ်ပုံပေါင်း ၇၃၅ ပုံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပို့စကတ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၃ ဦးတို့က ပို့စကတ်ပေါင်း ၂၂၄ ခုကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်ကို သိရှိရကြောင်း။
ပြိုင်ပွဲတွင် ကဏ္ဍနှစ်ရပ်ရှိရာ ဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ ပညာရှင်များက ဆုရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ပို့စကတ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို) ပညာရှင်များက ဆုရွေးချယ်ပေးခဲ့ကြကြောင်း၊ ဓာတ်ပုံနှင့် ပို့စကတ်ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု ငါးဆုစီ၊ ပြိုင်ပွဲတစ်ခုလျှင် ဆု ရှစ်ဆုစီ နှင့် ဆု စုစုပေါင်း ၁၆ ဆုကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ယနေ့ ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် ဓာတ်ပုံပညာရှင်များ၊ ပို့စကတ် သရုပ်ဖော်ပညာရှင်များတွင် မျိုးဆက်သစ် လူငယ် များပါဝင်နေသည်ကို သိရသည့်အတွက် အထူးဝမ်းသာကြိုဆိုပါကြောင်း၊ ပြိုင်ပွဲများတွင် ဆုရွေးချယ်ပေးခဲ့သော ပညာရှင်များကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆုရရှိသူများအတွက်လည်း ဂုဏ်ယူ ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဓာတ်ပုံအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ဓာတ်ပုံပြိုင်ပွဲ ဆုများရွေးချယ် ဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို) အဖွဲ့ဝင် ဦးကြည်ဝင်းက ပို့စကတ်ပြိုင်ပွဲ ဆုများ ရွေးချယ်ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် “နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဓာတ်ပုံပြိုင်ပွဲ ပထမဆုရ လှမိုးနိုင် (Ko Sat) နှင့် ပို့စကတ်ပြိုင်ပွဲ ပထမဆုရ မောင်ဖြိုးမောင်မောင် (ရွှေဘို) တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဦးအောင်မျိုးမြင့်၊ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း နာယက ပန်းချီစိုးမိုး၊ မြန်မာနိုင်ငံဓာတ်ပုံအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း၊မြန်မာနိုင်ငံ ဂီတ အစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေးနှင့် မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးမြတ်ထွန်းအောင် တို့က ဓာတ်ပုံပြိုင်ပွဲ ဒုတိယဆုရ ဇော်ဇော်ကောင်းစံနှင့် ပို့စကတ်ပြိုင်ပွဲ ဒုတိယဆုရ ဇော်ဇော်ဝေ(ဆင်ဖြူကျွန်း)၊ ဓာတ်ပုံပြိုင်ပွဲ တတိယဆုရ မောင်ထက်ခိုင်နှင့် ပို့စကတ်ပြိုင်ပွဲ တတိယဆုရ နိုင်ထူးအောင်၊ ဓာတ်ပုံပြိုင်ပွဲ အထူးဆု ရရှိသူများဖြစ်ကြသည့် ကျော်နိုင်လင်း(လရိပ်ပြာ)၊ ဇော်ဇော်ဝေ (ဆင်ဖြူကျွန်း)၊ ဦးဌေးအောင်၊ ဌေးဝင်း(ရမ္မာဝတီ) ၊ သန်းနိုင်ဦး(ပြန်/ဆက်) နှင့် ပို့စကတ်ပြိုင်ပွဲ အထူးဆု ရရှိကြသူများ ဖြစ်ကြသည့် အောင်ကျော်ထွန်း(ပုသိမ်ကြီး)၊ နိုင်ထူးအောင်၊ ဌေးဝင်း (ရမ္မာဝတီ)၊ ကိုအောင် ကျော်မိုးနှင့် ရဲသူရအောင်(IPRD) တို့အား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဆုရရှိသူများကိုယ်စား ဓာတ်ပုံပြိုင်ပွဲ ပထမဆုရ လှမိုးနိုင်(Ko Sat)က ကျေးဇူး တင်စကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဆုချီးမြှင့်မှုတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသော TMW Enterprise Limited မှ Retail Marketing Manager ဦးဇွဲရန်ဗိုလ် နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်း (မင်္ဂလာရုပ်ရှင် မိသားစု)တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆုရဓာတ်ပုံများနှင့် ပို့စကတ်များကို လှည့်လည်ကြည့်ရှု အားပေးသည်။
သတင်းစဉ်