ဘူဒါပက်စ် မေ ၁၀
ဟန်ဂေရီဝန်ကြီးချုပ်သစ် ပီတာမာယာက နိုင်ငံ၏စီးပွားရေးကို ပြန်လည်ရှင်သန်လာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။
ဟန်ဂေရီနိုင်ငံ၌ ၁၆ နှစ်တာကာလအတွင်း ပထမဆုံးသော အစိုးရအပြောင်းအလဲဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ်သစ် ပီတာမာယာက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ပီတာမာယာက မေ ၉ ရက်တွင် မြို့တော် ဘူဒါပက်စ်ရှိ အမျိုးသားလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
၎င်း၏ပါတီ တီဇာက ဧပြီလတွင် ကျင်းပခဲ့သည့် ပါလီမန် ရွေးကောက်ပွဲတွင် အမတ်နေရာ သုံးပုံနှစ်ပုံကျော် အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကို အနိုင်ရခဲ့သည်။
ဟန်ဂေရီပြည်သူများက နိုင်ငံ၏သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်ရန် ၎င်းနှင့် ၎င်း၏ တီဇာပါတီကို လုပ်ပိုင်ခွင့်အာဏာပေးအပ်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ် မာယာက ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံ၏ တိုးတက်မှုနှေးကွေးနေသည့် စီးပွားရေးကို ပြန်လည်တည်ဆောက်ရန် ရည်မှန်းထားကြောင်း ၎င်းက အလေးအနက် ပြောကြား ခဲ့သည်။
ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကျင်းပသည့် အမျိုးသားလွှတ်တော်အဆောက်အအုံရှေ့၌ ပြည်သူ ၈၀၀၀၀ ခန့် စုဝေးခဲ့ကြကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးချုပ်က ပြည်သူများအား ပြောကြားခဲ့သည်။
ဝန်ကြီးချုပ်အနေဖြင့် ကြီးမားသောတာဝန်များကို ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း တက္ကသိုလ်ကျောင်းသားတစ်ဦး က ပြောကြားခဲ့သည်။
၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဟန်ဂေရီဝန်ကြီးချုပ်ဟောင်း ဗစ်တာအော်ဘန်လက်ထက်တွင် ဥရောပသမဂ္ဂက အဂတိလိုက်စားမှုနှင့်တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုအားနည်းချက်များရှိသည်ကို ထောက်ပြ၍ ဟန်ဂေရီနိုင်ငံအပေါ် ရန်ပုံငွေထောက်ပံ့မှုကို ဆိုင်းငံ့ခဲ့သည်။
ဝန်ကြီးချုပ်က ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းသွားဖွယ်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


