မုံရွာ ဇွန် ၁၅
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် ကစားသမားများနှင့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ဆောင် ကစားသမားများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဇွန် ၁၅ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် ဆုရကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က “ယခုလို နိုင်ငံ့ဂုဏ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးကြတဲ့ ကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများနဲ့ တာဝန်ရှိသူများ အားလုံးရဲ့ စွမ်းဆောင်နိုင်မှုများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း” ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဗိယက်နမ်နိုင်ငံတွင် ပြုလုပ်သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ပြေးခုန်ပစ်၊ ဖူဆယ်အားကစားနည်းများ၌ ဆုများ ရရှိခဲ့ကြသော ထူးချွန်ကစားသမားများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်က ဗိယက်နမ်နိုင်ငံတွင် ပြုလုပ်သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ပီတန်း၊ ဂေါက်သီးရိုက်နှင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားနည်းများ၌ ဆုများရရှိခဲ့ကြသော ထူးချွန်ကစားသမားများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ကစားသမားများအား ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြင့်ကြပြီး တိုင်းဒေသကြီး ပညာရေးမှူးက အလေးမအသင်းနှင့် လက်ဝှေ့အသင်းများမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများထံ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ကြသည်။
ထို့နောက် ဆုရကစားသမားများကိုယ်စား ကစားသမား တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကာ လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အခမ်းအနားတွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၌ ဆုတံဆိပ်များ ရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် ကစားသမားများနှင့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမနှင့် လက်ဝှေ့ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ဆောင် ကစားသမားများအား ဂုဏ်ပြုဆုငွေ ကျပ် ၁၀၇ သိန်းကို ပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)